USA

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် အမေရိကန်စီးပွားရေးကျုံ့နိုင်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

Last Updated:

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် မဖြစ်မနေ ဖွင့်ရန်မလိုသည့် စီးပွားရေးလုပ်ငန်းများကို နေရာအတော်များများတွင် ပိတ်ထားရသဖြင့် ဒုတိယသုံးလပတ်ကာလတွင် စီးပွားရေးကျဆင်းနိုင်သည်ဟု ခန့်မှန်းကြောင်း စီးပွားရေး အစီရင်ခံစာများတွင် ဖော်ပြထားကြပါသည်။ ယခုနှစ် ဒုတိယသုံးလပတ်တွင် စီးပွားရေး ၃၃ ရာခိုင်နှုန်းကျုံ့နိုင်ကြောင်း၊ ယခင်က ၁၉၅၈ ခုနှစ်၊ ပထမ သုံးလပတ်ကာလတွင် စီးပွားရေး ၁၀ ရာခိုင်နှုန်းကျုံ့ခဲ့သည်ထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းကြပါသည်။

စီးပွားရေးပညာရှင်များက ယခုနှစ် မေလ နှင့် ဇွန်လများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်နိုင်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ဗိုင်းရပ်ပျံ့နှံ့မှု ပိုမိုဆိုးရွားလာနေသည့်အတွက် ၂၀၂၂ အစောပိုင်းကာလအထိ အမေရိကန်စီးပွားရေးသည် ကပ်ရောဂါမဖြစ်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ကြောင်း အကြီးတန်းစီးပွားရေးပညာရှင် Mr. Guatieri က BMO Capital Markets တွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံတွင် ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားတို့တွင် ဗိုင်းရပ်များစွာ ကူးစက်ပျံ့နှံ့ပြီး ယခု ပြည်နယ် ၄၀ တွင် ပျံ့နှံ့မှု တိုးတက်လျက်ရှိသည့် အတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု လျော့ကျပြီး စားသုံးသူများ၏ စိတ်အားထက်သန်မှု များလည်း ပျက်သုန်းလျက်ရှိနေပါသည်။

ဗဟိုဘဏ် တာဝန်ရှိသူများက ဗိုင်းရပ်စ် စတင်ပျံ့နှံ့သည့်အချိန်က အတိုးနှုန်းကို သုံညထိချပြီး ငွေချေးစာချုပ်များ၊ အပေါင်စာချုပ်များနှင့် နိုင်ငံ့စီးပွားရေးတွင် ငွေကြေးစီးဆင်းမှုဖြစ်စေရန် ချေးငွေအစီအစဉ်များထုတ်ချေးခြင်းတို့ကို တက်တက်ကြွကြွ ဆောင်ရွက် ခဲ့ကြပါသည်။ နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာသည်အထိ ဘဏ်တိုးနှုန်းများကို ပြန်လည် မြှင့်တင်မည်မဟုတ်ကြောင်း ပြောကြားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

https://www.marketwatch.com/story/next-week-well-learn-the-size-of-the-hole-the-us-economy-fell-into-when-covid-19-struck-2020-07-25

 

Category: USA