India (Delhi)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ သက်ရောက်မှုက အိန္ဒိယ၏ ကော်ဖီတင်ပို့မှုကို လျော့ကျစေဖွယ် ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်တွင်းမှစိုက်ပျိုးထုတ်လုပ်သည့် ကော်ဖီစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း ခန့်ကို အီတလီနိုင်ငံနှင့် ပါရှန်ပင်လယ်ကွေ့ဒေသရှိ နိုင်ငံများသို့ အဓိတင်ပို့လျက်ရှိရာ ယခု ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက အိန္ဒိယ၏ပြည်ပသို့ ကော်ဖီတင်ပို့မှုကို လျော့ကျစေဖွယ်ရှိနေပါသည်။ အိန္ဒိယနိုင်ငံ ကော်ဖီတင်ပို့သူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ Mr. Ramesh Rajah က ဗြိတိန်နိုင်ငံရှိ ဘားကလပ်များကဲ့သို့ အီတလီနိုင်ငံ၌ ကော်ဖီဘားကလပ်များသည် မိတ်ဆွေသင်္ဂဟအချင်းချင်း တွေ့ဆုံလေ့ရှိသည့် နေရာများဖြစ်ကြောင်း၊ ယခုအခါ အီတလီ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအပေါ် စိုးရိမ်မှုများရှိနေပြီး အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် လူတစ်ဦးနှင့်တစ်ဦးအကြား ၁.၅ မီတာအကွာအဝေး ထားရှိသွား လာရန် အစိုးရက ပြည်သူများသို့ ညွှန်ကြားထားကြောင်း၊ သို့ဖြစ်ရာ အီတလီယဉ်ကျေးမှု၏ တစ်စိတ် တစ်ဒေသဖြစ်သည့် ကော်ဖီဘားကလပ်များ အပေါ်သက်ရောက်မှုရှိပြီး ကော်ဖီသောက်သုံးမှုမှာ  ၁၀ မှ ၁၂ ရာခိုင်နှုန်းခန့် လျော့ကျလာဖွယ်ရှိကြောင်း ခန့်မှန်းလျက်ရှိသည်။ အခြားသော ကော်ဖီ တင်ပို့သူလုပ်ငန်းရှင်များကလည်း အာရပ်စော်ဘွားများပြည်ထောင်စု၊ မလေးရှားနိုင်ငံနှင့် အာရှအရှေ့ပိုင်းနိုင်ငံများသို့ နာမည်ရအမှတ်တံဆိပ် ကော်ဖီ ပို့ကုန် (branded coffee) များ တင်ပို့မှုမှာ ကျဆင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုမှာ လုံးဝရပ်ဆိုင်းနေပြီဖြစ်ကြောင်း ပြော ဆိုကြပါ သည်။ အာရှအရှေ့ပိုင်းဒေသများမှ ကုန်သေတ္တာအလွတ်များ အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့ ရောက်ရှိမှု နည်းပါးလာခြင်းကလည်း အိန္ဒိယရှိ ကော်ဖီတင်ပို့သည့် လုပ်ငန်းများအတွက် ၎င်းတို့ ၏ထုတ်ကုန်များ ပြည်ပတင်ပို့မှုအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Likely drop in India’s coffee exports as coronavirus fear spreads, 7 March 2020, Economic Times

Category: India (Delhi)