China (HongKong)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ အမေရိကန် ကုန်ပစ္စည်းတင်သွင်းသူများ အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်ခြင်း

Last Updated:

သတ်မှတ်ထားသော အမေရိကန် ၏ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စွမ်းအင်သုံးကုန်စည်များအနက် ကုန်ပစ္စည်းအမျိုးအစား (၇၀၀) ခန့်အား အခွန်ကောက်ခံမှု ကင်းလွတ်ခွင့်ပေးမည်ဖြစ်ရာ ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် ၂-၃-၂၀၂၀ ရက်နေ့မှစတင်၍ အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အဆိုပါကင်းလွတ်ခွင့် မှာ (၁) နှစ်ကြာမြင့်မည် ဖြစ်ကြောင်း၊ ကုန်ပစ္စည်းအမျိုးအမယ် (၆၉၇) ခုတွင် ပဲပုပ်စေ့၊ ဝက်သား၊ အမဲသား၊ သဘာဝဓါတ်ငွေ့၊ မသန့်စင်ရသေးသောဆီနှင့် ကိုရိုနာဗိုင်းရပ်စ်ကုသရာတွင် အထောက်အကူဖြစ်စေမည့် သာမိုမီတာအစရှိသည့် ဆေးရုံသုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးအစားများစွာပါဝင်ကြောင်း၊ တရုတ်ပြည်မ ကြီး၌ လုံလောက်စွာထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် ဆေးရုံသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် အသားများအား ကမ္ဘာတစ်ဝှမ်းမှ ဝယ်ယူတင်သွင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်ဟု တရုတ်နိုင်ငံ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း၊ အခွန်ကင်းလွတ်ခွင့်အသစ် သက်ရောက်မှု မစတင်နိုင်မီ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ပေကျင်းနှင့် ဝါရှင်တန်တို့အကြား သဘောတူညီချက်အရ အမေရိကန် ၇၅ ဘီလီယံရှိသည့် အချို့သော အမေရိကန် သွင်းကုန်ပစ္စည်းများအပေါ် အခွန် (၅၀) ရာခိုင်နှုန်းခန့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသော်လည်း တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ပထမအဆင့် ကုန်သွယ်မှု သဘောတူညီချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ပေကျင်းအနေဖြင့် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံသည့် ပစ္စည်းအား ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၅ ရာခိုင်နှုန်း အခွန်ကောက်ခံသည့် ပစ္စည်းအား ၂.၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချပေးထားကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ ဝါရှင်တန်အနေဖြင့်လည်း အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံရှိ တရုတ်ကုန် ပစ္စည်းများအား ၁၅ ရာခိုင်နှုန်း အခွန်ကောက်ခံခဲ့ရာမှ ၇.၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချကောက်ခံခဲ့ကြောင်း၊ ထို့ပြင် H5N1 ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံရှိ ကြက်ခြံများကို ထိခိုက်မှုရှိသောကြောင့် ကြက်သားများနှင့် ကြက်သားဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တင်သွင်းလာမှုအား ပိတ်ထားခြင်းကို တရုတ်နိုင်ငံဘက်မှ ဖယ်ရှားပေးမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မကြီး၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားအများစုမှာ စက်ရုံများ၌ အလုပ်ဆင်းနိုင်ခြင်း မရှိသောကြောင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်အရှိန်မြှင့်တင် ဆောင်ရွက်ရန်မှာ အလှမ်းဝေးလျှက်ရှိကြောင်း၊ ဝူဟန်မြို့နှင့်အချို့သော မြို့ကြီးများအားလည်း ကူးသန်းသွားလာမှုများ ပိတ်လိုက်ခြင်းနှင့် စက်ရုံများအားပိတ်ခြင်း၊ ကူးစက်ရောဂါထိန်းချုပ်နိုင် ရန် သံသယရှိ လူနာများအား သီသန့်ခွဲထားခြင်းတို့ ဆောင်ရွက်ခြင်းတို့ကြောင့် အလုပ်သမားများ လုပ်ငန်းခွင် သို့ပြန်လည်ဝင်ရောက်ရန် နှောင့်နှေးကြန့်ကြာနေမည်ဖြစ်ပြီး နေအိမ်မှလုပ်ကိုင်၍မရသည့် အချို့သောထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းများ ပြတ်တောက်မှု ဖြစ်နိုင်ကြောင်း၊  တရုတ်ပြည်မကြီး အလယ်ပိုင်း ဟီနန်ပြည်နယ်ရှိ Apples iPhones များ ထုတ်လုပ်သော ကျန်းကျိုးစက်ရုံ တွင် ရွှေ့ပြောင်းအလုပ်သမားများအား အပိုဆုကြေးငွေအနေဖြင့် တရုတ်ယွမ် ၃,၀၀၀ (ဟောင်ကောင်ဒေါ်လာ ၃,၃၂၆) ချီးမြှင့်ကြောင်းနှင့် အခြားသော ပြည်နယ် များမှ အလုပ်သမားများလည်း ၇-၃-၂၀၂၀ ရက်နေ့တွင် လုပ်ငန်းခွင်၌ ပြန်လည် လုပ်ကိုင်မည်ဆိုပါက အပိုဆုကြေးငွေများ တောင်းခံနိုင်ကြောင်း ရေးသားဖော်ပြ ထားပါသည်။

HSBC ဘဏ်သည် အမေရိကန်နှင့် ဥရောပတို့ရှိ ဘဏ်လုပ်ငန်းများ၌ အရှုံးများဖြင့် ရင်ဆိုင်နေရသောကြောင့် အဆိုပါဒေသရှိများရှိ ရင်းနှီးမြှုပ်နှံမှုဘဏ်များ လျှော့ချ ခြင်းနှင့် ကုန်ကျစရိတ်များလျှော့ချရန် ဝန်ထမ်း ၃၅,၀၀၀ ခန့်လျှော့ချခြင်းတို့ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း၊ အာရှနှင့် အရှေ့လယ်ပိုင်း ဒေသရှိ ဘဏ်လုပ်ငန်း များ၌ ရင်းနှီးမြှုပ်နှံမှုများအား အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ဒေသရှိ ဘဏ်လုပ်ငန်းများ၏ အခွန်မပေးဆောင် ရသေးခင် အမြတ် (Pre-tax profit) သည် ၂ ရာခိုင်နှုန်းမှ ၂.၆ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် လျော့ကျနိုင်ကြောင်း၊ သို့ဖြစ်၍ ဟောင်ကောင်နှင့် အာရှဒေသတစ်လျှောက်၌ ကဏ္ဍအလိုက်နှင့် ကုန်ပစ္စည်းအလိုက် ကျွမ်းကျင်ပညာရှင်များ ပိုမိုရှိရန် လိုအပ်ကြောင်း နှင့် သို့မှသာ HSBC ဘဏ်အနေဖြင့် အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုဘဏ်များနှင့် လုပ်ငန်းများ၌ ဦးဆောင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

ရင်းမြစ်၊ South China Morning Post

Category: China (HongKong)