USA

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်သည့် အကျိုးဆက်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ကမ္ဘာ့နိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ရပ်ဆိုင်းကာ နိုင်ငံအချင်းချင်း သွားလာမှုများ ရပ်နားနေကြရသည့်အတွက် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ ထိခိုက်လျက်ရှိပါသည်။

ကမ္ဘာ့ခရီးသွားလာမှုအများဆုံးလေဆိပ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် စင်ကာပူနိုင်ငံရှိ ချန်ဂီလေဆိပ်တွင် ယခုနှစ် ဇန်နဝါရီလ၌ ခရီးသည် ၅.၉ သန်း ဖြတ်သန်းသွားလာခဲ့ရာမှ ဧပြီလတွင် ခရီးသည် ၂၅,၂၀၀ ဦးသာ သွားလာခဲ့ကာ ၉၉.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ချန်ဂီလေဆိပ်တွင် ဂိတ် ၂ ခုသာ အသုံးပြုပြီး ကျန်ဂိတ် ၂ ခုကို ခေတ္တပိတ်ထားရကြောင်း၊ ယခင်က ခရီးသွားလာမှုများသဖြင့် တိုးချဲ့ဖွင့်လှစ်မည့် ၅ ခုမြောက်ဂိတ်ကိုလည်း အနည်းဆုံး နှစ်နှစ်အတွင်း ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း၊ ခရီးသွား လာမှုအပေါ် မှီခိုနေသည့် လေယာဉ်ထုတ်လုပ်မှုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့သည် ပြန်လည်ရပ်တည်နိုင်ရန် အချိန်ကြာမြင့်နိုင်ကြောင်း၊ အပြည့်အဝပြန်လည် ထူထောင်နိုင်ခြင်းမရှိတော့သည့် အခြေအနေဖြစ်လာနိုင်ကြောင်း စင်ကာပူဝန်ကြီးချုပ် Mr. Lee Hsien Loong ကပြောကြားခဲ့ပါသည်။

သို့သော် ခရီးသွားလာမှုကန့်သတ်ခြင်းသည် ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအကြား ချိတ်ဆက်ပြီး စီးပွားရေး၊ လူမှုရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေခဲ့ကြသည့် ဂလိုဘယ်လိုင်ဇေးရှင်း ကနေ မိမိနိုင်ငံအတွင်း စီးပွားရေးတိုးမြှင့်အောင် ဆောင်ရွက်သည့်စနစ်ကို တရုတ်နိုင်ငံ၊ ဝူဟန်တွင် ပထမဆုံးလူနာမတွေ့ခင်ကပင် ဆောင်ရွက်နေခဲ့ကြကြောင်း၊ ယခုဆိုလျှင် ကမ္ဘာတွင် ရောဂါပိုးကူးစက်သူ ၁၀ သန်းကျော် ရှိပြီး သေဆုံးသူ ၅ သိန်းကျော်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတကာ ခရီးသည် လာရောက်မှုသည် မနှစ်ကထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းကြောင်း၊ ၂၀၀၉ ခုနှစ် ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဖြစ်သည့်အချိန်နှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းနှင့် ၂၀၀၂ ခုနှစ် ဆားစ် ကပ်ရောဂါ ကူးစက်သည့်အချိန်နှင့်နှိုင်းယှဉ်ပါက ၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သုတေသီများက ခန့်မှန်းကြပါသည်။

အမေရိကန်နှင့်ကပ်နေသည့် မက္ကစီကိုနှင့်ကနေဒါနယ်စပ်အများအကြား မော်တော်ယဉ်နှင့် ခြေလျင်ခရီးသွားလာမှုသည်လည်း ယခုနှစ်၊ ဧပြီလတွင် အနိမ့်ဆုံးကျဆင်းခဲ့ကြောင်း၊ ဥရောပနိုင်ငံများ အကြား နယ်စပ်များပြန်ဖွင့်သည့်အခါ အတားအဆီး၊ စည်းကမ်းချက်အသစ်များကြောင့် ကိုင်တွယ်ဆောင်ရွက်ရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယင်းအတွက်ကြောင့် နိုင်ငံများ သီးခြားစီ ရပ်တည်နေထိုင်မှု များပြားလာပြီး တသီးတခြားရပ်တည်မှု၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုကို ဦးတည်သွားစေကြောင်း ဗြိတိန် ခရီးသွားအချက်အလက်ဖြန့်ဖြားသည့် OAG ၏အကြီးတန်း သုတေသီ Mr. John Grant ကဆိုပါသည်။

ရွှေ့ပြောင်းသွားလာ၊နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ အာဖရိက အနောက်ပိုင်း နှင့် အလယ်ပိုင်းတို့၌ အဓိက ဖြတ်သန်းသွားလာသည့်ဂိတ် ၃၅ ခုတွင် ကောက်ခံထားသည့် အချက်အလက်များအရ ဇန်နဝါရီလမှ ဧပြီလအထိ ခရီးသည်ဝင်ထွက်မှု ၄၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဥရောပတွင် အဓိကဖြတ်သန်းသည့်လမ်းကြောင်းများတွင် ခရီးသည်သွားလာမှုသည် ဧပြီလတွင် ၁၄၇၀ ဦးသာရှိ၍ ၂၀၀၉ ခုနှစ်၊ ခရီးသည်သွားလာမှုနှင့် နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ချမ်းသာသည့်နိုင်ငံများတွင် လူဝင်မှုကြီးကြပ်ရေးရုံးများ၊ နိုင်ငံရေးခိုလှုံခွင့်နှင့် ကောင်စစ်ရေးရာ ဝန်ဆောင်မှုများ ပိတ်ထားကြသည့်အတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်လျက်ရှိသည့် အချို့သော အလုပ်များပုံနေပြီး အခြေအနေပိုမိုဆိုးဝါးလာနေကြောင်း၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့သည် ယခင်ထုတ်ပေးထားသည့် ဗီဇာများကို ရပ်ဆိုင်းလိုက်ကြကြောင်း ဖော်ပြထားပါသည်။

ဝင်ငွေနည်းသည့်နိုင်ငံများကနေ ချမ်းသာသည့်နိုင်ငံများတွင် လာရောက်အလုပ်လုပ်ကိုင်သူ လျော့နည်းသွားသည့်အတွက် ဝင်ငွေနည်းနှင့် အလယ်အလတ်နိုင်ငံများသို့ ငွေလွှဲပြောင်းပေးပို့မှုသည်  ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းနိုင်ကြောင်း၊ မှတ်တမ်းတွင် အကြီးမားဆုံး ကျဆင်းမှုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းပါသည်။ ကမ္ဘာ့ကုန်သွယ်မှုသည် ယခုနှစ်တွင် ၁၃.၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း၊ နှစ်ပေါင်း ၆၀ အတွင်း အများဆုံးကျဆင်းခြင်းဖြစ်ကြောင်း၊ ထွန်းသစ်စနိုင်ငံများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည်လည်း ၂၀ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ဂျီဒီပီတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအချိုးပါဝင်မှုသည် ၁၉၉၀ နှစ်များတွင် အနိမ့်ဆုံးဖြစ်ခဲ့သည့်အချိုးအတိုင်း ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ကမ္ဘာ့ဘဏ်နှင့် အိုအီးစီဒီတို့မှ ခန့်မှန်းထားသည့် ကမ္ဘာ့နိုင်ငံများတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား ဂျီဒီပီပြောင်းလဲမှုမြေပုံတွင် ကမ္ဘာ့နိုင်ငံအများစုအား ဂျီဒီပီကျဆင်းမည့်ဟု ခန့်မှန်းထားပြီး နိုင်ငံအနည်းငယ်အား ဂျီဒီပီ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ဂျီဒီပီ တိုးတက်လာ မည်ဟု ခန့်မှန်းသည့်နိုင်ငံတချို့တွင် တရုတ်၊ အာဖရိကနိုင်ငံအချို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ဖော်ပြထားပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Source: The Washington Post

 

Category: USA