Japan

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထိခိုက်

Last Updated:

ဂျပန်နိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ ဝင်ရောက်လာမှုသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကတည်းက ၁.၁ % ခန့်ကျဆင်းလာခဲ့ကြောင်း ဂျပန်နိုင်ငံ၊ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့ကပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်ဇန်နဝါရီနှောင်းပိုင်းကတည်းက တရုတ်နိုင်ငံအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုမှ တားဆီးရန် ခရီးသွားအုပ်စုများကို ပိတ်ပင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း တရုတ်နှင့် ဂျပန်နိုင်ငံအကြား လေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့သည့်အတွက် တရုတ်နိုင်ငံမှ ခရီးသွားများဝင်ရောက်မှု သိသိသာသာကျဆင်းခဲ့ခြင်း ဖြစ်ပါ သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု၏ အကျိုးသက်ရောက်မှုကြောင့် ကမ္ဘာတစ်ဝှမ်းလုံး စီးပွားရေးကဏ္ဍတွင် သိသိသာသာကျဆင်းလာခဲ့ပြီး လေကြောင်းလိုင်းများ သာမက ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် လက်လီစျေးကွက်တို့ကိုပါ ထိခိုက်လာခဲ့ ပါသည်။

The Hotel Chinzanso Tokyo နှင့် The Washington Hotels လုပ်ငန်းများကို လုပ်ကိုင်နေသည့် Fujita Kanko Inc.,က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်း၏ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအကုန်တွင် ရရှိမည့် ၎င်း၏အသားတင်အမြတ်ငွေသည် ယန်းသန်းပေါင်း ၇၀၀ ခန့် လျော့ကျသွားနိုင်ကြောင်းကို  ပြီးခဲ့သည့် ဖေဖော်ဝါရီ ဒုတိယ အပတ်က ခန့်မှန်းပြောဆို လိုက်ပါသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က  စုစုပေါင်းခရီးသွား ဝင်ရောက်မှု၏ ၄၆ % ခန့်မှာ တရုတ်နိုင်ငံမှ ခရီးသွားများဖြစ်ကြပြီး ၁.၉ သန်း နီးပါးရှိကြောင်း၊ ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့်  ၂၀၂၀ ပြည့်နှစ်၊  ဧပြီလခန့်အထိ နိုင်ငံ၏ခရီးသွားလုပ်ငန်းကျဆင်းနေမည်ဖြစ်ကြောင်းကို Fujita Kanko Inc., ၏ စီမံကိန်း ဌာနမှအကြီးအကဲ Mr. Fujita Kanko က ဆိုပါသည်။

ထို့အပြင် ဂျပန်နှင့်တရုတ်ပြည်မအကြား ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၂၂ ရက် အတွင်း လေကြောင်းလိုင်းများမှ အသွားအပြန်ခရီးစဉ် ၄၄၀ (တစ်ပတ်လျှင်)  ခန့် ဖျက်သိမ်းရခဲ့သဖြင့် ၇၀ % ခန့်ကျဆင်းခဲ့ရပြီး ခရီးသည်ဦးရေ ၁၆၀၀ (တစ်ပတ်လျှင်) ခန့် လျော့ကျသွားကြောင်းဆိုပါသည်။

တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသွားများ ကျဆင်းရုံမျှမက ထိုင်းနိုင်ငံအစိုးရကလည်း ၎င်းတို့နိုင်ငံသားများကို ဂျပန်နှင့်စင်ကာပူနိုင်ငံသို့ သွားရောက်ခြင်းမပြုရန် တားမြစ်လိုက်ခြင်းကြောင့်  ဂျပန်နိုင်ငံသို့ ဆဌမမြောက် အများဆုံးလာပတ်သည့် ထိုင်းနိုင်ငံမှ ခရီးသွားများဝင်ရောက်မှုမှာလည်း ကျဆင်းလာခဲ့ပါသည်။

ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် လေကြောင်းလိုင်းများအတွက် အစား အသောက်များ စီစဉ်ဆောင်ရွက်နေသည့်  Royal Holdings Co.,၏ President ဖြစ်သူ Mr. Yasuhiro Kurosu က ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် ၎င်းတို့ကုမ္ပဏီ၏ ဝင်ငွေသည် ယန်း ၄ ဘီလီယံခန့်သာရှိနိုင်မည်ဖြစ်ပြီး ယခင်နှစ်ထက် နှိုင်းစာပါက ၁၄ % ခန့်ထိ ကျဆင်းမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်သက်ရောက်မှုသည် နှစ်ဝက်ခန့်ထိဟု ခန့်မှန်းထားသော်လည်း ထို့ထက်ကြာရှည်မည်ဆိုပါက အခြေအနေမှာ ပိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပါ သည်။

Takashimaya department store များအနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အကြား tax-free ရောင်းချမှုများ ၆၀ % ခန့်ထိ ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံ သား ခရီးသွား ၈၀% ခန့်က အဆိုပါ tax-free ဝယ်ယူကြခြင်းကြောင့်ဖြစ်ကြောင်း ဆိုပါသည်။

Dai-ichi Life Research Institute Inc., မှ စီးပွားရေးပညာရှင်ဖြစ်သူ Mr. Masato Koike ကလည်း ယခုဗိုင်းရပ်စ်ပြန့်ပွားမှုအခြေအနေသည် မည်မျှ တာရှည် နေမည် ဆိုသည့် အချက်သည် ခရီးသွားလုပ်ငန်းအဟန့်အတားဖြစ်မှုအတွက် အဓိကကျပြီး ဂျပန်နိုင်ငံသို့ လာရောက်ကြမည့် ဥရောပနှင့် မြောက်အမေရိကမှ ခရီးသွားဝင်ရောက်မှုကိုပါ အကျိုးသက်ရောက်လာစေမည်ဟု သုံးသပ်ပြောဆိုခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Yomiuri Shimbun

Category: Japan