Korea

ကိုရီးယားသမ္မတနိုင်ငံမှ အရေးပေါ် အရန်ဆန်ထားရှိရေး စတင်ဝယ်ယူတော့မည်

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် အလားအလာရှိသည့် သဘာဝဘေးအန္တရာယ် များကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အရေးပေါ်အရန် ဆန်ထားရှိရန် ယခုနှစ်အတွက် နှစ်စဉ်ဆန် ဝယ်ယူမှုကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက (၈-၉-၂၀၂၀) ရက်နေ့တွင် ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ အစီအစဉ်တွင် ယခုနှစ်ကုန်ပိုင်း၌ အရန်ဆန်အဖြစ်ထားရှိနိုင်ရေး ဆန်တန်ချိန် (၃၄၀,၀၀၀) ခန့်နှင့် ပြည်ပ အထောက်အပံ့များအတွက် ဆန်တန်ချိန် (၁၀,၀၀၀) ခန့်ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာန (Ministry of Agriculture, Foods & Rural Affairs of Korea) ထံမှ သိရှိရပါသည်။

နိုင်ငံအတွင်း၌ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်နှင့် စားနပ်ရိက္ခာ အကျပ်အတည်းများတွေ့ကြုံရလျှင် စားနပ်ရိက္ခာအတွက် ပြည်သူများ ဘေးဒုက္ခမကြုံတွေ့စေရေးအတွက် အဓိကလိုအပ်သော ကောက်ပဲသီးနှံများကို အရေးပေါ် အရန်စနစ်ကျင့်သုံး၍ သိုလှောင်ကြခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် တစ်နှစ်တာစားသုံးမှုနှုန်း၏ (၁၇) မှ (၁၈) ရာခိုင်နှုန်း  (၂) လတာအတွက် ရိက္ခာပမာဏ) ကို အရန်ဆန်အဖြစ် ဝယ်ယူသိုလှောင်လေ့ရှိကြောင်း၊ (၄၀) ကီလို ဂရမ်ပါ ဆန်တစ်အိတ်လျှင် ကိုရီးယားဝမ်ငွေ (၃၀,၀၀၀) (အမေရိကန် ဒေါ်လာ ၂၅.၂) နှုန်း ဖြင့် အစိုးရက ကြိုတင်ဝယ်ယူလေ့ရှိပြီး၊ ကျန်ရှိငွေများကို နှစ်ကုန်တွင်ပေးချေလေ့ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဆန်တစ်အိတ်၏ စျေးနှုန်းမှာ (၆၅,၇၅၀) ဝမ်ဖြစ်ပြီး၊ ယခုနှစ်အတွက်မူ အစိုးရ၏ ဆန်တစ်အိတ် စျေးနှုန်းသတ်မှတ်မှုကို မသိရှိရသေးကြောင်း သိရှိရပါသည်။

ရေကြီးခြင်း၊ မိုးခေါင်ခြင်းကဲ့သို့သော သဘောဝ ဘေးအန္တရာယ်များ အရေးပေါ် တွေ့ကြုံရသည့်အခြေအနေမျိုးတွင် ဒေသတွင်းနိုင်ငံများ၏ အရေးပေါ်စားနပ်ရိက္ခာလုံခြုံမှုအတွက် စီမံဆောင်ရွက်နိုင်ရေး ASEAN+3 Emergency Rice Reserve Project စီမံကိန်းအောက်မှ ဒေသတွင်းပံ့ပိုးမှုများကို ဆောင်ရွက်ပေးနိုင်ရန် ဆန်ဝယ်ယူသွားမည်ဖြစ် ကြောင်းလည်း သိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ အဆိုပါအစီအစဉ်အောက်မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုအကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

သတင်းရင်းမြစ် - Yonhap၊ The Korea Times      

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea