Korea

ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဆက်ဆံရေးဗျူရိုဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Yoonjong Chun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား မြန်မာသံအမတ်ကြီးမှလက်ခံတွေ့ဆုံခဲ့ခြင်း

Last Updated:

(၂၆-၆-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန (Ministry of Trade, Industry and Energy of Korea)၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဆက်ဆံရေး ဗျူရိုဌာန (Bureau of International Trade Relations)မှ ညွှန်ကြားရေးမှူးချုပ်     Mr. Yoonjong Chun ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာသံရုံး(ဆိုးလ်မြို့)၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် တောင်ကိုရီးယား ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် တို့သည် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်း ကျင်းပပြုလုပ်ရန်လျာထားသည့် ကုန်သွယ်မှုနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးပူးတွဲကော်မရှင် (Joint Commission for Trade and Industrial Cooperation-JCTIC) ဆိုင်ရာအစည်းအဝေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ မိမိတို့နိုင်ငံများအလိုက် COVID-19 ဆိုင်ရာ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများ၊ စီးပွားရေးလုပ်ငန်းရှင်များ အတွက် လုပ်ငန်းလိုအပ် ချက်အရ အထူးပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် COVID-19 သည် ကမ္ဘာ့နှင့်အဝှမ်းတွင် မည်မျှကြာမြင့်ဦးမည်ကို မသိရှိနိုင်သည့် အတွက်လက်ရှိအခြေအနေကြားမှပင် ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များကိုဆောင်ရွက်လျက် နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးရာပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားကြရန်ကိစ္စတို့အား အလေးပေး ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များ ကိုရီးယားသမ္မတနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စများအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea