Korea

ကိုရီးယားသမ္မတနိုင်ငံ၊ Korea Aerospace Industries, Ltd. ၏ ဒုတိယဥက္ကဌ Mr. Nho, Moo Jong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာသံအမတ်ကြီးမှ လက်ခံတွေ့ဆုံခဲ့ခြင်း

Last Updated:

၂၉-၇-၂၀၂၀ ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Aerospace Industries, Ltd. (KAI)၏ ဒုတိယဥက္ကဌ Mr. Nho, Moo Jong ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မြန်မာ သံရုံး (ဆိုးလ်မြို့)၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် Korea Aerospace Industries, Ltd. ၏ ဒုတိယဥက္ကဌ တို့သည် ၁၇-၆-၂၀၂၀ ရက်နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ Sacheon မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၀ ပြည့်နှစ်၊  EPS သံအမတ်ကြီးများ ညီလာခံ”တွင် ဆွေးနွေးခဲ့မှုအခြေအနေများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး၊ COVID-19 ဆိုင်ရာအခြေအနေများ တည်ငြိမ်သည်နှင့် ညီလာခံထပ်မံကျင်းပနိုင်ရေး၊ အလုပ် သမားရေးရာများ ဆွေးနွေးနိုင်ရေး၊ ကိုရီးယားသမ္မတနိုင်ငံသို့ မြန်မာလုပ်သားများအား ပိုမိုခေါ်ယူနိုင်၍အခွင့်အရေးများ ပိုမိုရရှိရေး၊ လက်ရှိကာလတွင် COVID-19ဆိုင်ရာ Quarantine ကုန်ကျစရိတ်များနှင့်ပတ်သက်၍ မြန်မာလုပ်သားများဘက်မှ အကုန်အကျ သက်သာစေရေးအတွက် KAI မှ HRD Korea နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးနိုင်မည့် ဖြစ်နိုင်ချေရှိသည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။

ထို့နောက် KAI မှရဲတပ်ဖွဲ့သုံး၊ ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပို့ဆောင်ရေးလုပ်ငန်းသုံး ရဟတ်ယာဉ်များထုတ်လုပ်နေမှုကို သံအမတ်ကြီးအား KAI ၏ ဒုတိယဥက္ကဌမှ ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံကို Korea Aerospace Industries, Ltd. ၏ ကုန်သွယ်ဖက်နိုင်ငံ ဖြစ်စေလိုမှုနှင့် အနာဂတ်အတွက် ဖြစ်နိုင်ချေရှိ သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး၊ တွေ့ဆုံဆွေးနွေးမှု အား (၁၁:၂၀) နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Korea Aerospace Industries, Ltd. (KAI) ၏ ရုံးချုပ်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongsang ပြည်နယ်တောင်ပိုင်း၊ Sacheon မြို့၌တည်ရှိပြီး၊ KT 1, Basic Trainer, FA 15 light Combat Aircraft, KUH-1 Utility Helicopter, RQ-101 Unmanned Aerial Vehicle,  Z Series တို့အပါအဝင် ရဲတပ်ဖွဲ့ သုံး ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သောရဟတ်ယာဉ်များကို ကိုရီးယားသမ္မတနိုင်ငံ၏အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအတွက် ထုတ်လုပ်ပေးလျက်ရှိသော တောင်ကိုရီးယားထိပ်တန်းလေကြောင်း ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ နိုင်ငံခြားအလုပ်သမားအရေးကိစ္စများ နှင့်ပတ်သက်၍လည်း သမ္မတအိမ်ပြာတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ HRD Korea တို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea