Korea

ကိုရီးယားသမ္မတနိုင်ငံ၊ The Korea Times သတင်းစာနှင့် ASEAN-Korea Centre (AKC) တို့မှ ကြီးမှူး၍ပြုလုပ်သော “Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့ သံအမတ်ကြီးမှ တက်ရောက်ဆွေးနွေးခဲ့ခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ The Korea Times သတင်းစာ၏ နှစ်(၇၀)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် The Korea Times သတင်းစာ နှင့် ASEAN-Korea Centre (AKC) တို့မှ ကြီးမှူး၍ “Roundtable on Korea-ASEAN Effort to Fight COVID-19” ဆွေးနွေးပွဲကို ၁၅-၆-၂၀၂၀ ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဆိုးလ်မြို့၊ Wise Tower  (18th Floor) ၌ကျင်းပပြုလုပ်ခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးကိုယ်စားလှယ်များနှင့်အတူတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ASEAN-Korea Centre ၏ Secretary-General ဖြစ်သူ Mr. Lee Hyuk မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုအခြေအနေ၊ ယင်း COVID-19 ကူးစက်ရောဂါအား ထိရောက်စွာ တားဆီး၊ ကာကွယ်၊ ကုသရေး အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ စီးပွားရေးရာကုစားမှုလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်ဝင်ရောက်ရန် လိုအပ်လျက်ရှိသော တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသားများအတွက် ဆိုးလ်မြို့၊ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်အား ဆုံမှတ်အဖြစ် သတ်မှတ်လျက် Myanmar International Airways (MAI) ဖြင့် ကယ်ဆယ်ရေးလေယာဉ်အစီအစဉ်အား မြန်မာအစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် မြန်မာသံရုံး (ဆိုးလ်မြို့)မှ စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတို့ကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ပြီး၊ The Korea Times သတင်းစာ၏ ဥက္ကဌ Mr. Oh Young-Jin နှင့်တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea