Korea

ကိုရီးယားသမ္မတနိုင်ငံ၏ အိမ်ရာပိုင်ဆိုင်မှုဆိုင်ရာအခွန် တိုးမြှင့်ကောက်ခံရန်ရှိမှုနှင့် အိမ်ခြံမြေစျေးကွက်အနေအထား

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၌ အိမ်ရာတိုက်ခန်းတစ်ခန်းထက် ပိုမိုပိုင်ဆိုင်သူများအနေဖြင့် အခွန်နှုန်းထားပိုမိုပေးဆောင်ရမည်ဖြစ်ကြောင်း (၁၅-၄-၂၀၂၀) ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော် အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လက်ရှိအာဏာရ ပါတီဖြစ်သော ကိုရီးယားဒီမိုကရက်တစ်ပါတီ (Democratic Party of Korea- DPK) ကထောက်ပြခဲ့ပါသည်။ DPK နှင့် ယင်း၏မိတ်ဖက် ပါတီတို့သည် အမျိုးသားလွှတ်တော်၏ စုစုပေါင်း ၃၀၀ နေရာအနက် ၁၈၀ နေရာကိုအောင်မြင်စွာရရှိခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းကိစ္စမှအပ မည်သည့်ကိစ္စရပ်ကိုမဆို လွှတ်တော်၏ တားဆီးခြင်းမရှိဘဲ အခက်အခဲမရှိ ဆုံးဖြတ်ဆောင်ရွက်နိုင်မည့် အနေအထားဖြစ်ပါသည်။

အစိုးရနှင့်အာဏာရပါတီတို့မှ လာမည့်ဧပြီလနှောင်းပိုင်းတွင်ပြုလုပ်မည့် လွှတ်တော် အထူးအစည်းအဝေးခေါ်ယူသည့်အချိန်၌ အခွန်ဆိုင်ရာစည်းမျဉ်းပြင်ဆင်ခြင်းများကို အဓိကထား ၍ ဆွေး‌နွေးညှိနှိုင်း သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ အိမ်ခန်းတစ်ခန်းထက် ပိုမိုပိုင်ဆိုင်သူများအနေဖြင့် တရားဝင်သတ်မှတ်သည့် အိမ်ရာမြေေစ်းနှုန်း၏ ယခင်နှစ်နှုန်းထားများအရ (၃.၂) ရာခိုင်နှုန်း ပေးဆောင်ရမှုမှသည် (၄)ရာခိုင်နှုန်းသို့ တိုးမြင့်၍လည်းကောင်း၊ အိမ်ခန်းတစ်ခန်းပိုင်ဆိုင်သူ များအနေဖြင့် ယခင်နှစ်နှုန်းထား (၂.၇)ရာခိုင်နှုန်းမှသည် (၃)ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးတိုးမြင့်၍ ပေးဆောင်ကြရမည်ဖြစ်ပါသည်။ ထို့ပြင် လက်ရှိ အခွန်ဆိုင်ရာဥပဒေအရ အစိုးရသည် ပိုင်ဆိုင်မှုအခွန်အား ယခင်နှစ်ပေးဆောင်ခဲ့ရသည့်တန်ဖိုး ထက်နှစ်ဆ စည်းကြပ်ခွင့် မရှိသော်လည်း၊ ယခုအဆိုပြုထားမှုသည် ယခင်နှစ်စည်းကြပ်ခဲ့သည့် တန်ဖိုး၏ (၃၀၀) ရာခိုင်နှုန်းဖြစ်ကြောင်း၊ အိမ်ခန်းတန်ဖိုးအားလည်း လက်ရှိတွင်ကာလပေါက်စျေး၏ (၇၀ မှ ၈၀) ရာခိုင်နှုန်းဝန်းကျင်ဖြင့် စျေးလျှော့၍ သတ်မှတ်ပေးလေ့ရှိသော်လည်း၊ ယခုနှစ်မှစ၍ တန်ဖိုးကို ပိုမိုမြှင့်၍သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တင်းကျပ်သည့်စည်းမျဉ်းများနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုတို့သည် မြေနှင့်အိမ်ရာ အဆောက်အဉီအရောင်းအဝယ်စျေးကွက်ကိုအားလျော့စေကြောင်း၊ ယခုလက်ရှိစီးပွားရေးသည် အကျဘက်သို့ ဦးတည်လျက်ရှိပြီး၊ လူနေတိုက်ခန်းစျေးနှုန်းများ ကျဆင်းမှုကာလကြာရှည်လာခြင်း၊  စျေးကွက်အတွင်းတွင်   ရောင်းသူသာရှိပြီး  အသစ်ဆောက်လုပ်မှုမရှိခြင်း စသည်တို့ကြောင့် တိုက်ခန်းစျေးနှုန်းများ သည် နောင်လာမည့် သုံးလတာကာလအထိ(သို့မဟုတ်)နှစ်ကုန်အထိ ဆက်လက်ကျဆင်းနေမည် ဖြစ်ကြောင်း၊ အိမ်ခြံမြေစျေးကွက်အတွင်း လုပ်ကိုင်နေသူများအတွက် ခက်ခဲသည့် အနေအထားများကို ရင်ဆိုင်ရလျက်ရှိကြောင်း ဆိုးလ်နည်းပညာတက္ကသိုလ်၏ အိမ်ခြံမြေဘာသာရပ်အထူးပြုပါမောက္ခ လီယောင်ဆိုလ်း ကသုံးသပ်ခဲ့ပါသည်။

သို့ဖြစ်၍ အစိုးရမှ မူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲမှု မဆောင်ရွက်ပေးနိုင်လျှင် အိမ်၊ ခြံ၊ မြေ စျေးကွက်၏ အနာဂတ်အလားအလာသည် လွန်စွာခက်ခဲကျပ်တည်းဖွယ်ရှိပြီး၊ ပြည်သူများကလည်း ဖြေရှင်းနိုင် မည့်နည်းလမ်းများကို မျှော်လင့်လျက်ရှိကြကြောင်း၊ အိမ်ခန်းတစ်ခန်းသာပိုင် ဆိုင်သူများအနေဖြင့် အခွန်ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့နှစ်ပေါင်းများစွာနေထိုင်လာခဲ့သောနေရာကို ရောင်းချရန် မဖြစ်နိုင်သည့်အပြင်၊ ထိုသူများထဲမှအများစုမှာ အသက်ကြီးပိုင်း အငြိမ်းစားအရွယ်များဖြစ်ကြကြောင်း၊ ဝန်ကြီးချုပ်ဟောင်း Lee Nak-yon နှင့် အာဏရပါတီဝင်အချို့တို့က ထိုအချက်ကို ဖြေလျှော့ ပေးနိုင်ရန် ကြိုးပမ်းပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည့်အတွက် လွှတ်တော်၏ အထွေထွေရွေးကောက်ပွဲတွင် မဲအနိုင်ရခဲ့သည်ဟု အများက ထင်ကြေးပေးလျက် ရှိကြပါသည်။

အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းဖြစ်သည့် Zigbang ၏လေ့လာဆန်းစစ်ချက်အရ ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ အိမ်ရာစျေးကြီးမြင့်သည့် ဆိုးလ်မြို့တောင်ပိုင်းရှိ Songpa၊ Seocho နှင့် Gangnam ခရိုင်တို့တွင် လူနေတိုက်ခန်း (၂၈၇) ခန်းကိုရောင်းချနိုင်ခဲ့ပြီး၊ ယခင်လထက် (၆၂) ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ အလားတူ ဆိုးလ်မြို့မြောက်ပိုင်း Mapo၊ Yongsanနှင့် Seong− dong ခရိုင်တို့၌ လူနေ တိုက်ခန်း(၂၄၇)ခန်းရောင်းချနိုင်ခဲ့ပြီး ယခင်လထက်(၅၆)ရာခိုင်နှုန်းကျ ဆင်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ ဒုတိယအပတ်တွင် ကိုရီးယားအိမ်ရာတန်ဖိုးဖြတ်ဘုတ် အဖွဲ့၏ လူနေအိမ်ယာ တိုက်ခန်း စျေးနှုန်းညွှန်းကိန်းသည် (၉၈.၄) ဖြစ်ပြီး၊ ညွှန်းကိန်း (၁၀၀)နှင့်အောက်၏ အဓိပ္ပာယ်မှာ ရောင်းသူက ဝယ်သူထက် ပိုများနေခြင်းပင် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea