Korea

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် တစ်နာရီလျှင် ရရှိမည့် အနိမ့်ဆုံး အခြေခံ လုပ်ခ လစာနှုန်းအား (၈၇၂၀) ဝမ်အဖြစ် (၁.၅) ရာခိုင်နှုန်းတိုးမြှင့်၍ သတ်မှတ်ရန်ဆုံးဖြတ်ခဲ့မှု

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ၊ အနိမ့်ဆုံးအခြေခံလစာနှုန်းထားသတ်မှတ်ရေးကော်မရှင် (Minimum Wages Commission-) သည် ၂၀၂၁ ခုနှစ်အတွက် တစ်နာရီလျှင် ရရှိမည့် အနိမ့်ဆုံး အခြေခံလုပ်ခ လစာနှုန်းအား (၈၇၂၀)ဝမ် (အမေရိကန်ဒေါ်လာ ၇.၂၆) အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ကြောင်း (၁၄-၇-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် Sejong Government Complex ၌ကျင်းပခဲ့သည့် MWC ၏ (၉) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးက ကြေညာခဲ့ ပါသည်။ အဆိုပါနှုန်းထားသည် လက်ရှိ ၂၀၂၀ ပြည့်နှစ်၏နှုန်းထားထက် (၁.၅) ရာခိုင်နှုန်း၊ ငွေကြေးအားဖြင့် (၁၃၀)ဝမ်သာ ပိုမိုကြောင်း၊ COVID-19 ဆိုင်ရာ စီးပွားရေးအခက်အခဲကာလဖြစ်သည့်အတွက် ယင်းတိုးမြှင့်မှုနှုန်းထား သည် အနိမ့်ဆုံးအခြေခံ လုပ်ခလစာနှုန်းစနစ်ကို ကိုရီးယားသမ္မတနိုင်ငံတွင် စတင်ကျင့်သုံးခဲ့သည့် (၁၉၈၈) ခုနှစ်မှစ၍ လက်ရှိ ကာလအထိ သက်တမ်းတစ်လျောက်တွင် အနိမ့်ဆုံးသောရာခိုင်နှုန်းဖြင့် တိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်တွင် ၂၀၂၀ ပြည့်နှစ်အတွက် နှုန်းထားအား ဆုံးဖြတ်ခဲ့စဉ်က (၂.၇) ရာခိုင်နှုန်း သာတိုးမြှင့်ခဲ့သည့်အတွက် အာရှဘဏ္ဍာရေးအကျပ်အတည်း (၁၉၉၈)ခုနှစ်နောက်ပိုင်းတွင် အနိမ့်ဆုံးနှုန်းထားဖြင့် တိုးမြှင့်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ခဲ့ကြသော်လည်း၊ ယခုနောက်ဆုံးနှုန်းထားတိုးမြှင့် သတ်မှတ်မှုရာခိုင်နှုန်းသည် ယင်းထက်ပင် ပိုမိုနည်းပါးသည့် သက်တမ်းတစ်လျောက်တွင် အနိမ့်ဆုံးသောနှုန်းထားအဖြစ် စံချိန်တင်လျက်ရှိကြောင်း သိရှိရပါသည်။

အလုပ်သမားများ၏ ဝင်ငွေအဆင့်အတန်း မြင့်မားရေးသည်အရေးကြီးသည်မှာ မှန်သော်လည်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးသည် ပိုမိုအရေးကြီးကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါကြောင့် ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် ကမ္ဘာနှင့်အဝှမ်း၏စီးပွားရေးသည် မရေရာ မသေချာမှုများ ရင်ဆိုင်နေရသည့်ကာလမျိုးတွင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်မျှတစွာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ ဤဆုံးဖြတ်မှုတွင် ၂၀၂၀ ပြည့်နှစ်အတွက် ၀.၁% အထိသာ အမြင့်ဆုံးတိုးတက်လာနိုင်သည့် စီးပွားရေးတိုးတက်မှုနှုန်းအခြေအနေ ၊ ၀.၄ % တိုးတက်နိုင်သည့် Consumer Prices နှင့် ၁ %  အထိမြင့်တက်လာနိုင် သည့် လူနေမှုစရိတ်တို့ကိုလည်းထည့်သွင်း၍ စဉ်းစားခဲ့ရကြောင်း Sookmyung Women’s University ၏ Professor Kwon Soon-won က ထုတ်ဖော် ပြောကြားခဲ့ပါသည်။

အလုပ်သမားအရေးဆောင်ရွက်သူများဘက်ကမူ ယခုနှစ် ဆုံးဖြတ်သည့်နှုန်းထားသည် တိုးမြှင့်သည်ဟု မဆိုနိုင်အောင်ပင် အဆိုးရွားဆုံး နည်းပါးသည့် နှုန်းထားဖြစ်ပါကြောင်း၊ အာရှ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရ သည့် ၁၉၉၈ ခုနှစ် နှင့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း နှင့်ရင်ဆိုင်ခဲ့ရသည့် ၂၀၁၀ ခုနှစ်များတွင်ပင် ဤမျှ မနိမ့်ပါးခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ်တွင် (၂.၇) ရာခိုင်နှုန်း၊ ၂၀၀၀ ခုနှစ်တွင် (၂.၇၅) ရာခိုင်နှုန်းဖြင့် အသီးသီး တိုးမြှင့် ပေးနိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုလျက် ရှိကြပါသည်။

လုပ်ခနှုန်းထားအား လက်ရှိနှုန်းထားထက်လျှော့ချရန်(သို့မဟုတ်)တိုးမြှင့်မှုမပြုရန် ဆွေးနွေးခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များအရေးဆောင်ရွက်သူများဘက်ကလည်း ယခုကဲ့သို့ (၁.၅)ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းကို မကျေနပ်ကြဘဲ ရေရှည်တွင် အလုပ်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက်ဝန်ထုပ်ဝန်ပိုး ပိုမိုလာမည်ဖြစ်ပြီး၊ အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဤ COVID-19 စီးပွားရေး အကျပ်အတည်းတွင် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ မပြိုလဲစေဘဲ ရေရှည်လည်ပတ်နိုင်စေရေးအတွက် ထပ်ဆောင်းဆောင်ရွက်ပေးသင့်သည့် အစီအမံများကို ကြိုတင်စဉ်းစား၍ ပြင်ဆင်ထားသင့်ကြောင်း၊ ပြီးခဲ့သည့် (၃)နှစ် အတွင်း နှုန်းထားအား စုစုပေါင်း (၃၀) ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းများလည်ပတ်ရန် လွန်စွာခက်ခဲခဲ့ရသည်မှာ အများအသိပင် ဖြစ်ပြီး၊ ယခုကဲ့သို့ (၁.၅) ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးမည်ဖြစ်၍ စီးပွားရေးလုပ်ငန်းများအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် အလွန်အမင်းခက်ခဲလာမည်ဖြစ်ကြောင်း၊ ဤဆုံးဖြတ်ချက်သည်ငယ်ရွယ်သောအလုပ်အကိုင် အခွင့်အလမ်းရှာဖွေနေသူများနှင့် နေ့စားအလုပ်သမားများ၏ အလုပ်အကိုင်ရှားပါးမှု အခက် အခဲကို ပိုမိုတိုးမြှင့်ရာရောက်ကြောင်း စသဖြင့် The Federation of Korean Industries က သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အစိုးရပိုင်းမှ တာဝန်ပေးထားသော ကိုယ်စားလှယ်များ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့သည့် ဤအနိမ့်ဆုံးအခြေခံလုပ်ခလစာနှုန်းထားသတ်မှတ်ရေးကိစ္စသည် သင့်လျှော်သည့် ဆုံးဖြတ်ချက်ကို မြန်မြန်မရရှိနိုင်ခဲ့ဘဲ ကိန်းဂဏန်း Figures များအပေါ်တွင် တွက်ချက်လျက် မကြာခဏ ဆုံးဖြတ်ချက်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြသည်ဟု The Korea Enterprises Federation ဝေဖန်ပြောဆိုခဲ့ပါသည်။ အလုပ်သမားအရေးဆောင်ရွက်သူများဘက်မှ မူလတွင် (၁၆.၄) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုခဲ့ရာမှ (၉.၈)ရာခိုင်နှုန်းသို့ ပြောင်းလဲခဲ့ပြီး၊ လုပ်ငန်းရှင်များအရေး ဆောင်ရွက်သူများဘက်မှ မူလက (၂.၁) ရာခိုင်နှုန်းအထိ လျှော့ချလိုခဲ့ရာမှ (၁) ရာခိုင်နှုန်းလျှော့ချရန် ပြောင်းလဲဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အနိမ့်ဆုံးလုပ်ခလစာနှုန်းသတ်မှတ်ရေးဆိုင်ရာဥပဒေအရ အဆိုပါ ၂၀၂၁ ခုနှစ်အတွက် နှုန်းထားအသစ်အား အလုပ်သမားဝန်ကြီးမှ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ အသက်ဝင်မည်ဖြစ်ရာ လက်ရှိတွင် သတ်မှတ်နှုန်းထားအောက် လျော့နည်း၍ လုပ်ခလစာရရှိနေသော ဝန်ထမ်း (၄.၀၈)သန်းသည်လည်း ဤနှုန်းထားအသစ်နှင့်အကျုံးဝင်သဖြင့် အကျိုးခံစားခွင့်ရရှိနိုင်ကြောင်း သိရှိရပါသည်။

 

Source: Ministry of Trade, Indurstry and Energy၊ The Korea Times၊ The Korea Herald၊ Yonhap News 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea