Korea

ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ ကုန်သွယ်မှုတွင် ပို့ကုန် ၁၂.၆ ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း ကုန်သွယ်မှုလိုငွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိ

Last Updated:

၁-၅-၂၀၂၂ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းအချက်အလက်များ အရ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်မှုအနေဖြင့် ပို့ကုန်အမေရိကန်‌ဒေါ်လာ (၅၇.၆၈၆) ဘီလီယံ၊ သွင်းကုန် အမေရိကန် ဒေါ်လာ (၆၀.၃၄၇) ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်‌ဒေါ်လာ (၁၁၈.၀၃၃) ဘီလီယံဆောင်ရွက်နိုင်ခဲ့ရာ၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင်  (၁၂.၆)  ရာခိုင်နှုန်းနှင့်  သွင်းကုန်တွင် (၁၈.၆) ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး၊ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၂.၆၆၁) ဘီလီယံ ဖြစ်ပေါ်လျက်ရှိပါသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိတွင် ပို့ကုန် အမေရိကန်ဒေါ်လာ (၂၃၀.၆၀၂) ဘီလီယံ၊ သွင်း ကုန် အမေရိကန်ဒေါ်လာ (၂၃၇.၂၂၁) ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၄၆၇.၈၂၃) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိတွင် ကုန်သွယ်မှုလိုငွေအနေဖြင့် အမေရိကန်ဒေါ်လာ (၆.၆၁၉) ဘီလီယံ ဖြစ်ပေါ်လျက်ရှိပါသည်။

ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာချိန်တွင် နိုင်ငံ၏ အဓိကပို့ကုန်များအတွက် ပြည်ပဝယ်လိုအား မြင့်တက်လာခဲ့ပါသည်။ ယခု ၂၀၂၂ ခုနှစ်၊ ဧပြီလ သည် ကိုဗစ်-၁၉ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ (၁၈) လ မြောက်အဖြစ် ပို့ကုန်တိုးတက်တင်ပို့နိုင်သည့်လ ဖြစ်ပါသည်။  ပို့ကုန် တိုးတက်သကဲ့ သို့ တစ်ဖက်တွင်လည်း ကမ္ဘာ့ရေနံစျေးနှုန်းများကြီးမြင့်မှုကြောင့် သွင်းကုန်စျေးနှုန်းများ တိုးတက်လာသည်နှင့်အမျှ သွင်းကုန်တန်ဖိုး ပိုမိုတိုးတက် လာပြီး၊ ကုန်သွယ်မှုလိုငွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါသည်။ တောင်ကိုရီးယား၏ စံညွှန်းဖြစ်သည့် ဒူဘိုင်းရေနံသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် တစ်စည် လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ (၆၂.၉၂) ဒေါ်လာရှိခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ (၁၀၂.၈၂) ဒေါ်လာအထိသို့ မြင့်တက်လာခဲ့ ပါသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ စွမ်းအင်လိုအပ်ချက်အများစုအတွက် တင်သွင်းမှုအပေါ် မှီခိုနေရပြီး နိုင်ငံ၏ စွမ်းအင်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ယခင်နှစ်ကာလတူထက် နှစ်ဆတိုးကာ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၈၁) ဘီလီယံခန့်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၊ ကုန်သွယ် ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာန၏ ကိန်းဂဏန်းများအရ လေ့လာသိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလတွင် Semiconductor၊ ရေနံထွက်ကုန်များ၊ စတီးလ်ထုတ်ကုန်များ၊ မော်တော်ယာဉ်၊ ကွန်ပျူတာနှင့် ဇီဝကဏ္ဍတို့ တိုးတက်တင်ပို့ နိုင်ခဲ့ပြီး၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် သင်္ဘောတင်ပို့နိုင်မှုလျော့ကျခဲ့ကြောင်း၊ နိုင်ငံအလိုက်တင်ပို့နိုင်မှုတွင် အမေရိကန်နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဥရောပသမဂ္ဂတို့သို့ တိုးတက်တင်ပို့နိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြန်လည်ကူးစက်မှုများ ဖြစ်ပေါ်နေသဖြင့် မြို့များအား အသွား အလာကန့်သတ်မှု  (Lock down) ဆောင်ရွက်နေမှုကြောင့် ပို့ကုန်တင်ပို့နိုင်မှုကျဆင်းခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခများအကြားတွင် ဓနသ ဟာယ လွတ်လပ်သောနိုင်ငံ (CIS) သို့တင်ပို့နိုင်မှုလည်း ကျဆင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့်ဖွဲ့စည်းထားသော အာဆီယံ ဒေသသို့ တောင်ကိုရီးယားနိုင်ငံမှ တင်ပို့ရောင်းချနိုင်မှုသည် ယခင်နှစ်ကာလတူထက် (၃၇.၃) ရာခိုင်နှုန်းတိုးမြင့်လာကာ  တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁.၇) ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။  ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသော တရုတ် နိုင်ငံ၌ Lock down ဆောင်ရွက်သဖြင့် လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးခြင်း စသည့် ကမ္ဘာလုံးဆိုင်ရာ မသေချာ၊ မရေရာမှုများ ပိုမိုကြီးထွားလာ သော်လည်း တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့နိုင်မှုသည် ဆက်လက်တိုးတက်လျက်ရှိပါကြောင်း စက်မှုဝန်ကြီး Moon Sung-wook ၏ ထုတ်ဖော်ပြောကြားမှုအရ လေ့လာသိရှိရပါသည်။

စက်မှုဝန်ကြီး Moon Sung-wook သည်  ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုပြဿနာများနှင့် မတည်ငြိမ်သည့် Logistics ဆိုင်ရာထောက်ပံ့ရေးကွင်း ဆက်အခြေအနေများ၏ ရိုက်ခတ်မှုဒဏ်တို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပါအဝင်  ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအား တုံ့ဆိုင်းနေမည်ကို စိုးရိမ်မိကြောင်းပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားပို့ကုန်လုပ်ငန်းရှင်များကို တက်ကြွစွာ ပံ့ပိုးကူညီရန်နှင့် နိုင်ငံ၏ကုန်သွယ်မှုဖွဲ့စည်းပုံ ကို ပြုပြင်ပြောင်းလဲရန်ကြိုးပမ်းမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source:  Ministry of Trade, Industry and Energy (MOTIE)

Category: Korea