Korea

ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 အလွန်ကာလတွင် ဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ၊ ဒလမြို့သစ် ၏ ရှေ့ပြေးစမ်းသပ်စီမံကိန်းအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ၊ ချေးငွေအစီအစဉ်များနှင့် ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာညှိနှိုင်းသွားမည့်အစီအစဉ်များ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် ကိုရီးယားဝမ် (၁၂၀)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ) တန်ဖိုးရှိသော အကြီးစားပြည်ပဆောက်လုပ်ရေးစီမံကိန်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (၁၅−၆−၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သော (၂၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့်အပြည်ပြည်ဆိုင်ရာစီးပွားရေးရာအစည်းအဝေး (215th Ministerial Meeting on International Economic Affairs)တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Mr. Hong Nam-ki ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ အစိုးရအဖွဲ့အနေဖြင့် အဓိကကျသော စီမံကိန်း(၃၀)ကို ဆောင်ရွက်သွားရန်ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀)ဘီလီယံအနက် စီမံကိန်းအချို့အတွက် တန်ဖိုး အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံခန့်ကို ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်တွင် လက်ခံဆောင်ရွက်ရန်စီစဉ်ထားပြီး၊ ကျန်ရှိသည်များကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရမှစီမံကိန်းအမည်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Dhaka-Mimingsing လမ်းစီမံကိန်း၊ ဒါကာအပြင်ဘက်ရှိ မြို့ပတ်ရတား မီးရထားလမ်းစီမံကိန်း နှင့် မြန်မာနိုင်ငံ၊ ဒလမြို့သစ်၏ ရှေ့ပြေးစမ်းသပ်စီမံကိန်းတို့ပါဝင်ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအစိုးရ အနေဖြင့် (၂)နှစ်တာကာလအတွင်းအကောင်အထည်ပေါ်လာနိုင်ပြီး အရေးပါသော စီမံကိန်းများကိုသာ အဓိကထား၍ရွေးချယ်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများကို အစိုးရ၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများနှင့်အတူတကွပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ကိုရီးယားကုမ္ပဏီများမှ ပြည်ပ၌ အကြီးစားဆောက်လုပ်ရေးစီမံကိန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားဝမ်(၁၅)ထရီလီယံကျော်တန်ဖိုးရှိ ငွေကြေးထောက်ပံ့မှုအစီအစဉ် တစ်ရပ်ကိုလည်းစီစဉ်လျက်ရှိကြောင်း၊ အဓိကရွေးချယ်ထားသည့် ပြည်ပစီမံကိန်း(၃၀)ကို အရှိန်အဟုန်မြှင့်တင်၍ဆောင်ရွက်သွားနိုင်ရေးအတွက် ရန်ပုံငွေ ကိုရီးယားဝမ် (၃.၇) ထရီလီယံကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းတို့မှာ နိုင်ငံတကာဆောက်လုပ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေအသစ် ကိုရီးယားဝမ် (၁.၅) ထရီလီယံ၊ အပြည်ပြည်ဆိုင်ရာအခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ကိုရီးယားဝမ်(၀.၄)ထရီလီယံ၊ Korea Exim ဘဏ်နှင့် ကိုရီးယားကုန်သွယ်မှု အာမခံကော်ပိုရေးရှင်း (Korea Trade Insurance Cooperation) တို့မှ ထောက်ပံ့ငွေ ကိုရီးယားဝမ် (၁.၈) ထရီလီယံတို့ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါ အကြီးစားပြည်ပဆောက်လုပ်ရေးစီမံကိန်းကြီးများတွင် တောင်ကိုရီးယားကုမ္ပဏီများ၏ ပါဝင် ဆောင်ရွက်မှုများကိုမြှင့်တင်ပေးနိုင်ရေးအတွက် ကိုရီးယားဝမ် (၁၀.၉) ထရီလီယံ တန်ဖိုးရှိ အာမခံနှင့် ချေးငွေများကို ပံ့ပိုးပေးသွားရန် ထပ်မံစီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19  အလွန်ကာလအတွက်  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးမဟာဗျူဟာကိုလည်း ကြေညာခဲ့ကြောင်း၊  ၂၀၂၀ ပြည့်နှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ (၁၀၀)သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနှင့် အမေရိကန်ဒေါ်လာ(၄၀၀)သန်းကျော်တန်ဖိုးရှိ နိုင်ငံခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (EDCF) ၏အရေးပေါ်ရန်ပုံငွေများ၊ အမေရိကန်ဒေါ်လာ(၁၀)သန်းတန်ဖိုးရှိ Multilateral Development Bank (MDB) Trust Funds များ၊ ကျန်းမာရေးဆိုင်ရာ ပို့ကုန်ပစ္စည်းများ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် ကိုရီးယားဝမ် (၁.၂) ထရီလီယံတန်ဖိုးရှိ ရန်ပုံငွေ၊ ကိုရီးယား၏ COVID-19  ဆိုင်ရာ Test-Trace-Treat (3T Model) ဖြင့်စစ်ဆေးဆောင်ရွက်မှုပုံစံနှင့် အတွေ့အကြုံများကို ကမ္ဘာအဝှမ်းသို့  K-Quarantine Tools အဖြစ် ကမ္ဘာ့စံစနစ်ဖြစ်စေရေးအတွက် မျှဝေရေးဆိုင်ရာအစီအမံများ၊ ကမ္ဘာ့တောင်ပိုင်းနှင့် မြောက်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရေးအတွက် လိုအပ်သည့်နိုင်ငံများကို ရွေးချယ်ကာ Disease Control Package များ ပံ့ပိုးပေးမည့် အစီအစဉ်များကို ကိုရီးယားသမ္မနိုင်ငံ အစိုးရမှပေးအပ်သွားနိုင်ရေး စီစဉ်လျက်ရှိပါကြောင်းသိရှိရပါသည်။

ထို့ပြင် ယခင်နှစ်ကစတင်ခဲ့သည့် ကိုရီးယား-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (Free Trade Agreement-FTA) ဆိုင်ရာဆွေးနွေးမှုများအတွက် ဆက်လက် ဆောင်ရွက်ရမည့်လိုအပ်သည့်ညှိနှိုင်းမှုများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ပြန်လည်စတင်ရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea