India (Delhi)

ကုန်စည်အညွှန်းဆိုင်ရာ သတ်မှတ်ချက်များအား တိကျစွာလိုက်နာရန် အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးက ပြောကြားခြင်း

Last Updated:

အိန္ဒိယစက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန (DPIIT) နှင့်တွေ့ဆုံဆွေးနွေးရာတွင် E-commerce လုပ်ငန်းရှင်များက ကုန်စည်များအား အင်တာနက်စင်္ကြန်များမှ ရောင်းချရာ၌ ပင်ရင်းနိုင်ငံဖော်ပြရန် တိကျစွာတိုင်းတာမှု (Legal Metrology) လုပ်ထုံးလုပ်နည်းသတ်မှတ်ထားမှု မရှိသေးကြောင်း ပြောဆိုကြမှုအပေါ် အိန္ဒိယစားသုံးသူရေးရာ၊ အစားအစာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr. Ram Vilas Paswan က ၂၀၁၇ ခုနှစ်၌ ပြင်ဆင်ပြဌာန်းခဲ့သော ထုပ်ပိုးကုန်စည်များအတွက် တိကျစွာတိုင်းတာမှုနည်းဥပဒေများ ပြင်ဆင်ချက်အရ ကုန်ထုတ်လုပ်သူများ၊ သွင်းကုန်လုပ်ငန်းရှင် များ၊ ကုန်စည်ထုပ်ပိုးသူများနှင့် E-Commerce လုပ်ကိုင်သူများအားလုံးသည် ကုန်စည်၏ ပင်ရင်းနိုင်ငံအား ဖော်ပြရမည်ဖြစ်ကြောင်း ၉.၇.၂၀၂၀ နေ့၌ တုန့်ပြန်ပြောကြားလိုက်ပါသည်။

အဆိုပါ ၂၀၁၇ ခုနှစ် တိကျစွာတိုင်းတာမှုနည်းဥပဒေများ ပြင်ဆင်ချက်ပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်စေရေး တင်းကျပ်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဖောက်ဖျက် ကျူးလွန်မှုများအား ထိရောက်စွာအရေးယူရန် ပြည်နယ်အစိုးရများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ပြည်တွင်းရှိ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ထပ်လောင်းပြောကြားလိုကြောင်း၊ ကုန်ပစ္စည်းများအား Online မှဖြစ်စေ၊ သမားရိုးကျဈေးဆိုင်များဖြင့်ဖြစ်စေ ရောင်းချရာ၌ အမြင့်ဆုံးလက်လီဈေးနှုန်း (Maximum Retail Price - MRP)၊ ထုတ်လုပ်သည့်ရက်၊ သက်တမ်းကုန်ဆုံးရက်၊ အသားတင်ပါဝင်သည့် ပမာဏအရေအတွက်နှင့် စားသုံးသူများအတွက် သတိပြုရမည့်အချက်များအား ဖော်ပြသကဲ့သို့ ပင်ရင်းနိုင်ငံဖော်ပြချက်သည် လည်း ပါဝင်ရမည်ဖြစ်ကြောင်း၊ သက်တမ်းကုန်ဆုံးရက်ကဲ့သို့သော ဖော်ပြချက်သည် စားသုံးသူများအတွက် လွန်စွာအရေးကြီးသော်လည်း ကုမ္ပဏီများစွာက ၆ လမတိုင်မီ အကောင်းဆုံးဖြစ်သည် (Best before six months) ဟူသော တိကျသေချာမှုမရှိသည့် အသုံးအနှုန်းများဖြင့် ဖော်ပြလျက်ရှိပြီး ထုတ်ပြန်ထားသည့် နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့မြင်နေရကြောင်း၊  ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ဤအလေ့အထကိုပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မည်သည့်ထုတ်ကုန်ကိုမျှ ပင်ရင်းနိုင်ငံအပေါ်အခြေပြု၍ တားဆီးပိတ်ပင်နေခြင်းမဟုတ်ပဲ စားသုံးသူများ၏ ရွေးချယ်ပိုင် ခွင့်ကိုရရှိစေရေး ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စသည်ဖြင့် ဝန်ကြီး Mr. Ram Vilas Paswan က ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဝန်ကြီးဌာနမှ အတွင်းဝန် Ms. Leena Nandan ကလည်း ကုမ္ပဏီအများစုသည် သမားရိုးကျဈေးအရောင်းဆိုင်များဖြင့် ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ တိကျ စွာတိုင်းတာမှု နည်းဥပဒေသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှုရှိသော်လည်း Online မှရောင်းချမှုလုပ်ကိုင်သည့် E-Commerce စင်္ကြန်များသည် ကုန်စည်၏ ပင်ရင်းနိုင်ငံအား သိသာထင်ရှားစွာ ဖော်ပြမှုမရှိသည်ကို မြင်တွေ့ရကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့ ဝန်ကြီးဌာနသည် ညွှန်ကြားချက်များအားလိုက်စေရေး ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် E-Commerce လုပ်ငန်းများအား မှတ်ပုံတင်ဆောင် ရွက်သည့် အိန္ဒိယစက်မှုလုပ်ငန်းမြှင့်တင်ရေးနှင့် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ စားသုံးသူများအား  အကာအကွယ်ပေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာန ၏ တွဲဖက်အတွင်းဝန်က ဝန်ရှင်တော်မင်းကြီးအဖြစ် ဦးဆောင်လျက် အိန္ဒိယစံချိန်စံညွှန်းဗျူရို၏ ညွှန်ကြားရေးမှူးချုပ်က စုံစမ်းစစ်ဆေးရေးအရာရှိအဖြစ် ပါဝင်သည့် စားသုံးသူကာကွယ်ရေး ဗဟိုအာဏာ ပိုင်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၁၇ ခုနှစ် တိကျစွာတိုင်းတာမှုနည်းဥပဒေများ ပြင်ဆင်ချက်ပါ ပြဌာန်းချက်များအရ ကုန်ပစ္စည်းများအား ထုပ်ပိုးရောင်းချရာတွင် ပင်ရင်းနိုင်ငံဖော်ပြချက်အပါအဝင် ကုန်စည်၏ ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များကို ထုပ်ပိုးသည့်ဘူးခွံ သို့မဟုတ် အိတ်ခွံ၏ ၄၀% ရှိရမည်ဖြစ်ပါသည်။ အဆိုပါနည်းဥပဒေပါ ပြဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ပထမအကြိမ်ဒဏ်ငွေ ရူပီးငွေ ၂၅၀၀၀ မှ အကြိမ်ကြိမ်ကျူးလွန်မှုအတွက် ရူပီးငွေ ၁၅၀၀၀၀ အထိ သို့မဟုတ် ထောင်ဒဏ်၊ သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်လုံးကို ချမှတ်ခံရနိုင်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Companies and e-commerce players need to display 'country of origin' on products, 9 Jul 2020, Economic Times

                   2. Consumer Affairs Min orders Cos to strictly follow labelling norms, 9 Jul 2020, Economic Times

Category: India (Delhi)