Thailand

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ထိုင်းနှင့်ဂျပန်စာချုပ်ချုပ်ဆို

Last Updated:

ဂျပန်လုပ်ငန်းများအသင်း (Keidanren) နှင့် Joint Standing Committee on Commerce, Industry and Banking (JSCCIB) တို့ စီးပွားရေးနယ်ပယ်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်ရန်အတွက် ၁၆-၃-၂၀၂၃ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်လုပ်ငန်းရှင်များက တရုတ်နိုင်ငံအတွင်းရှိ ၎င်းတို့၏ ထုတ်လုပ်မှုအခြေစိုက်များကို ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာမည် ဖြစ်ပြီး အထူးသဖြင့် ဇီဝ လည်ပတ်ခြင်းနှင့် အစိမ်းရောင် စီးပွားရေး (bio-circular and green – BCG) နှင့် ကာဗွန်လျှော့ချရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။  

ထိုင်းနိုင်ငံစက်မှုနှင့် JSCCIB အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ Kriengkrai Theinnukul က နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းကောင်းများကို ပူးတွဲကော်မတီအစည်းအဝေးများမှတဆင့် ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ပုံမှန်ဖလှယ်သွားကြမည်ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ အကြီးတန်းအရာရှိများ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပခဲ့သော Asia-Pacific Economic Cooperation အစည်းအဝေးသို့လည်း ဝန်ကြီးချုပ် Fumio Kishida ပါဝင်တက်ရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်၏ ၉ နှစ်အတွင်း ပထမဆုံး လာရောက်ခဲ့သော ခရီးစဉ်ဖြစ်သည်။ နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးချက်များအရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား မဟာဗျူဟာကျသော မိတ်ဖက်မှုဖြစ်ပါသည်။ နယ်ပယ်များစွာတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် သဘောတူညီခဲ့သည်။

ထိုင်းနိုင်ငံစက်မှုလက်မှုအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Saroj Chayavivathul က နှစ်ဖက်အဖွဲ့များက လုပ်ငန်းနယ်ပယ်နှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို ရှေးရှု၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အကျိုးကျေးဇူးများကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။

ထိုင်းဘဏ်များအသင်း၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ Kobsak Duangdee က BCG စီးပွားရေး၊ စွမ်းအင်စီမံခန့်ခွဲမှု၊ လျှပ်စစ်မော်တော်ကားရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ဆက်သွယ်ရေး စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်မှုချဲ့ထွင်ခြင်းအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားလုံးအကျုံးဝင်ကြောင်း ပြောကြားသည်။

နှစ်ဖက်လုံးက ထိုင်းနှင့် ဂျပန်နိုင်ငံတို့အကြား ဒီဂျစ်တယ်နည်းဖြင့် နိုင်ငံတကာကုန်သွယ်ရေးကို မည်သို့မြှင့်တင်နိုင်မည်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဓိကအလေးထား ဆွေးနွေးချက်အနေဖြင့် ထိုင်းနိုင်ငံသည် ၎င်း၏ စီးပွားရေးအရယှဉ်ပြိုင်မှုကို ဒီဂျစ်တယ် စနစ်မှတဆင့်မြှင့်တင်ရန်လိုအပ်ပြီး ယင်းသည် အနာဂတ်တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း Mr. Kobsak က ပြောကြားသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand