ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသသည် ဥရောပနှင့် အာရှဒေသတို့၌ ကြက်ငှက် တုပ်ကွေး H5N1 နှင့် H5 bird flu တို့ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိသောကြောင့် ပိုလန်၊ နယ်သာလန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ကြက်သားနှင့် ကြက်ဉများတင်သွင်းမှုအား ယာယီရပ်ဆိုင်းထားကြောင်း၊ ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်မှုများဖြစ်ပေါ်စေကြောင်း၊ ရောဂါဖြစ်ပွားစေသည့်ပိုးမွှားများ ပေါက်ပွားမှုအား ထိန်းချုပ်နိုင်ရန်နှင့် ပုပ်သိုးပျက်စီးမှု ကာကွယ်နိုင်ရန်အတွက် လေထုထိန်းသိမ်းထားနိုင်ရန် ထုပ်ပိုး၍ ရောင်းချသည့် အေးခဲကြက်သား (Chilled Poultry meat) (၄၀) တန်နှင့် အေးခဲကြက်သား (Frozen poultry meat) (၂၅၃၀) တန်နှင့် ကြက်ဥလုံးရေ (၂၁၀) မီလီယံတို့အား ယခုနှစ်ပထမ (၉) လအတွင်း ဟောင်ကောင်ဒေသသည် ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း၊ ကြက်သားများနှင့် ကြက်ဉများတင်သွင်းမှု ယာယီရပ်ဆိုင်းမှုကြောင့် စားသောက်ဆိုင်များအပေါ် သက်ရောက်မှုများဖြစ်ပွားနိုင်ပြီး ဂျပန်နိုင်ငံမှ တင်သွင်းသည့် ကြက်ဥ ဈေးနှုန်းမှာ (၁၀၀) ရာခိုင်နှုန်း မြင့်မားသွားနိုင်သောကြောင့် တရုတ်ပြည်မကြီးမှ ကြက်ဥများကို စားသုံးမှု ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ တင်သွင်းသည့် ကြက်ဥများ၏ဈေးနှုန်း မည်မျှမြင့်တက်နိုင်သည်ကို ပြောကြားရန် မလွယ်ကူကြောင်း၊ သို့ဖြစ်ရာ ဂျပန်မှ ကြက်ဥဈေးနှုန်းများမြင့်မားပါက စားသောက်ဆိုင်များအနေဖြင့် တရုတ်ပြည်မကြီးမှ ကြက်ဥများကို အသုံးပြုကြမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ထုတ် Standard သတင်းစာ၌ Maisy Mok Reuters က “Import Bans Amid Bird Flu Outbreaks” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၊ ခါဂိုရှီးမားခရိုင် (Kagoshima prefecture)၊ Izumi City ရှိ ကြက်ခြံ၌ကြက်ဥ (၁၁,၀၀၀) လုံးတွင် H5N8 ကြက်ငှက်တုပ်ကွေးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတည်ပြုပြောကြားခဲ့ကြောင်း၊ ဥရောပနှင့် အာရှဒေသတို့၌ ကြက်ငှက်တုပ်ကွေးရောဂါများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသောကြောင့် မကြာသေးခင် ရက်ပိုင်းအတွင်းက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့သို့ အစီရင်ခံ တင်ပြထားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံရှိ Chungcheongbuk-do နှင့် Jeollanam-do ပြည်နယ်များ၌လည်း H5N1 ဖြစ်ပွားမှု တွေ့ရှိခဲ့ကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် အဖွဲ့အစည်းမှ ဟောင်ကောင်ဒေသ အစားအစာဘေးကင်းလုံခြုံရေးစင်တာ (Center for Food Safety) သို့ အကြောင်းကြားခဲ့ကြောင်း၊ ကိုရီးယားနိုင်ငံ၊ Chungcheongbuk-do ပြည်နယ်ရှိ ကြက်မွေးမြူရေးခြံ၌ ကြက်ကောင်ရေ (၇၇၀,၀၀၀) ၌ ရောဂါဖြစ်ပွားလျက်ရှိပြီး အဆိုပါကြက်များမှာ အသားထုတ်လုပ်ရန် မွေးမြူထားသော ကြက်များဖြစ် ကြောင်း တောင်ကိုရီးယားနိုင်ငံမှလည်း အစီရင်ခံတင်ပြထားကြောင်း၊ ဟောင်ကောင်ဒေသသည် ယခုနှစ်၊ ပထမ (၉) လအတွင်း ကိုရီးယားနိုင်ငံမှ အေးခဲကြက်သား (၁၀) တန်နှင့် ကြက်ဥ (၂၈၀,၀၀၀) လုံး တင်သွင်းခဲ့ကြောင်း၊ ဥရောပဒေသ၌ Rogaland County ၌ ငှက်ကောင်ရေ (၇,၀၀၀) တွင် H5N1 တွေ့ရှိခဲ့ကြောင်း နော်ဝေနိုင်ငံမှ အစီရင်ခံတင်ပြခဲ့ကြောင်း၊ သို့ဖြစ်ရာ နော်ဝေနိုင်ငံ၊ Rogaland County နှင့် နယ်သာလန်နိုင်ငံ၊ Groningen တို့မှ ကြက်သားနှင့် ကြက်ဥထွက်ကုန် ပစ္စည်းများ တင်သွင်းခြင်းအား ယာယီရပ်ဆိုင်းခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)
 
                         
                        