Brazil

ကြံစိုက်ပျိုးချိန်တွင် ရာသီဥတုကောင်းမွန်မှုကြောင့် ကြံစိုက်ဧရိယာကျဆင်းခဲ့သော်လည်း ကြံအထွက်ပမာဏ တိုးတက်ရန်ခန့်မှန်း

Last Updated:

၂၀၂၂- ၂၀၂၃ ခုနှစ်ကာလ ကြံစိုက်ပျိုးမှုမှ ကြံတန်ချိန် ၅၉၆.၁ သန်းထွက်ရှိရန် ခန့်မှန်းထားပြီး  ယခင်နှစ် ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၁.၉ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း Piracicaba/SP မြို့ရှိ ကြံထွက်ပစ္စည်းထုတ်လုပ်မှုနည်းပညာစင်တာတွင် ကျင်းပပြုလုပ်သည့် အီသနောထုတ်လုပ်မှု ကြီးကြပ်ရေးအစည်းအဝေး၌ National Supply Company (Conab) က ၎င်း၏ သုတေသနတွေ့ရှိကို ထုတ်ပြန်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ကာလ၌ ဘရာဇီးလ်နိုင်ငံ၏ ကြံစိုက်ပျိုးမှုဧရိယာသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁.၃ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ကြံစိုက်ပျိုးဧရိယာသည် ဟက်တာ ၈.၂ သန်းရှိ နိုင်ကြောင်း၊ ကြံစိုက်ဧရိယာလျှော့ကျခဲ့သော်လည်း စိုက်ပျိုးရာသီချိန်တွင် ကောင်းမွန်သည့်ရာသီဥတု ရရှိခဲ့သဖြင့် ကြံအထွက်နှုန်းတိုးတက်နိုင်ပြီး စိုက်ပျိုးဧရိယာလျှော့ကျမှုအပေါ် ဖာထေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီ၏ သုတေသနပြုချက်တွင် သကြားထွက်ရှိမှုနှုန်း၊ သကြားနှင့် အီသနောထုတ်လုပ်မှု၊ ကြံစိုက်ပျိုးရိတ်သိမ်းမှုစနစ်နှင့် ကြံမျိုးထုတ်လုပ်မှုတို့ပါဝင် ကြောင်း၊ ကြံနှင့် သက်ဆိုင်သည့် အချက်အလက်များပြုစုရာတွင်လည်း အစိုးရက ထုတ်ပြန်သည့်အချက်အလက်များအပြင် သကြားထုတ်လုပ်မှုနှင့် အီသနောထုတ်လုပ်မှုအခြေအနေများကိုလည်း အချက်အလက်များကောက်ယူခဲ့ကြောင်း၊ ထို့အပြင် ထုတ်လုပ်မှုအသစ်ဖြစ်သည့် ပြောင်းသီးနှံမှ အီသ နောတိုးတက်ထုတ်လုပ်မှု အခြေအနေများကိုလည်း သုတေသနပြုခဲ့ကြောင်း၊ သုတေသနအား ကြံနှင့် ကြံထွက်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းရှင် များအား အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Conab ကုမ္ပဏီ၏ ဥက္ကဌ Guilherme Ribeiro ကပြောကြားခဲ့သည်။

ယခင်နှစ် ကြံရာသီနှင့်နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ခုနှစ်ကာတွင် ကြံထွက်ရှိမှုပမာဏ တိုးတက်မည့်အခြေအနေကောင်းများရှိနေကြောင်း၊ ကြံရိတ်သိမ်း ရာသီသည် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ ကြာမြင့်နိုင်ကြောင်း၊ ကြံအထွက်နှုန်းတိုးတက်မှုနှင့်အတူ ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာ့ သကြားထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနိုင်ကြောင်း  Conab ကုမ္ပဏီမှ စိုက်ပျိုးရေးသတင်းအချက်အလက်နှင့် မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး Sergio De Zen က ပြောကြားခဲ့သည်။

ဘရာဇီးလ်သကြားများ၏ အရည်အသွေးကောင်းမွန်မှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားရှိသည့်အပြင် အကျိုးအမြတ်ရရှိမှုများကြောင့် ယခုနှစ် ကြံရာသီ၌ သကြားတန်ချိန် ၄၀.၂ သန်းအထိ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ သကြားထုတ်လုပ်မှုသည် ယခင်နှစ်ကြံရာသီနှင့်နှိုင်းယှဉ်ပါက ၁၄.၉ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်သော်လည်း သကြားတိုးတက်ထုတ်လုပ်မှုကြောင့် ကြံမှ အီသနောထုတ်လုပ်မှုတွင် ကျဆင်းနိုင်ကြောင်း၊ ယခုနှစ်ရာသီတွင် ကြံနှင့် ပြောင်းမှ အီသနောလီတာ ၂၈.၆၆ ဘီလီယံထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြောင်း၊ အီသနောထုတ်လုပ်မှုသည် ယခင်နှစ်ရာသီနှင့်နှိုင်းယှဉ်ပါက ၅.၃ ရာခိုင်နှုန်းလျှော့ကျနိုင်ကြောင်း သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်ရေး မန်နေဂျာ Rafael Fogaça ၏ ပြောကြားချက်အား သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil