China(Nanning)

ကွမ်ရှီး FTZ မှ နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာ

Last Updated:

ယခုနှစ် ပထမ (၉) လအတွင်း တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ်ရေးဇုန်မှ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး ယွမ်ငွေ (၄၄၄.၅၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉.၆၃ ဘီလီယံခန့်) ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခင်နှစ်ကထက် (၂၉.၃) ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကထက် (၂၈.၁) ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ၎င်းပမာဏသည် တရုတ်တစ်နိုင်ငံလုံး အဆင့်တိုးတက်ခဲ့သည့် (၆.၆) ရာခိုင်နှုန်းနှင့် အနောက်နိုင်ငံများ တိုးတက်ခဲ့သည့် (၆.၄) ရာခိုင်နှုန်းတို့ထက် ပိုမိုမြင့်မားခဲ့ပါသည်။ ယခုအခါ ကွမ်ရှီး FTZ၏ နှစ်စဉ်ပျမ်းမျှတိုးတက်မှု နှုန်းမှာ (၁၃.၂) ရာခိုင်နှုန်းဖြစ်ပါသည်။          

ယခုနှစ် ပထမ (၁၀) လအတွင်း ပေပုပင်လယ်ကွေ့ဆိပ်ကမ်းရှိ  ဖန်ချန်းကန် ဆိပ်ကမ်းနယ်မြေမှ ပေ (၂၀) အရှည်နှင့်ညီမျှသည့် ကုန်သေတ္တာအလုံးပေါင်း (၆၁၀,၀၀၀) ကျော်ဖြင့် မက်ထရစ်တန်ချိန် သန်း (၁၀၀) ကျော်ပမာဏရှိသည့် ကုန်စည်များကို ဖြတ်သန်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ကွမ်ရှီး FTZ တွင် ယခုကဲ့သို့ နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြံအသစ်၏ အဓိကတွန်းအားကြောင့်ဖြစ်ပါသည်။  ယခုနှစ် ပထမ (၉) လအတွင်း ကွမ်ရှီး FTZ ၏ အကောက်ခွန်ကြီးကြပ်မှုအောက်တွင် ပို့ကုန်သွင်းကုန်ပမာဏ ယွမ်ငွေ (၁၀၆.၉၅) ဘီလီယံဖိုး သယ်ယူပို့ဆောင်ပေးခဲ့ရကာ၊ ယခင်နှစ်ကထက် (၅၉.၅) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။  ၎င်းဆောင်ရွက်ပေးမှုမှာ ကွမ်ရှီး FTZ ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်ရေးတွင် (၁၁.၃) ရာခိုင်နှုန်းခန့် ပါဝင်ခဲ့ပါသည်။

ဤကာလအတွင်း ကွမ်ရှီး FTZ မော်တော်ယာဉ်တင်ပို့မှုမှာ ယခင်နှစ်ကထက် (၂၀၀.၂) ရာခိုင်နှုန်း တိုးတက်လာပြီး၊ ယွမ်ငွေ (၁.၇၄) ဘီလီယံတန်ဖိုးရှိ ဒေါင်ဖန်း လျိုကျိုး မော်တော်ယာဉ်အစင်းရေ (၁၁,၂၂၂) စင်းကို တင်ပို့နိုင်ခဲ့ပါသည်။ ၎င်းတင်ပို့မှုမှာ ယခင်နှစ်ကထက် (၂၉၀.၈၇) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။

အလားတူကာလတွင် နည်းပညာအဆင့်မြင့်ကုန်ပစ္စည်းများကို ယွမ်ငွေ (၆၄.၈၆)  ဘီလီယံဖိုးတင်ပို့ခဲ့ကာ၊ ယွမ်ငွေ (၆၄.၆၅) ဘီလီယံဖိုး ပြန်လည်တင်သွင်းခဲ့ပြီး၊ ယခင်နှစ်ကထက် ပို့ကုန်ပိုင်းတွင် (၄၀.၈) ရာခိုင်နှုန်း၊ သွင်းကုန်ပိုင်းတွင် (၅၆.၇) ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ပြင် ယွမ်ငွေ (၁၇.၁၄) ဘီလီယံ တန်ဖိုးရှိ ပဲပုပ်များကို  ယခင်နှစ်ကထက် (၂၄.၄) ရာခိုင်နှုန်းပိုမိုလျက် တင်သွင်းခဲ့ပါသည်။ ယွမ်ငွေ (၆၂.၃၁) ဘီလီယံတန်ဖိုးရှိ သံသတ္တုရိုင်းများကိုလည်း ယခင်နှစ် ကထက် (၇၁.၄) ရာခိုင်နှုန်း ပိုမိုလျက် တင်သွင်းခဲ့ကြောင်း သတင်းရရှိပါသည်။   

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ CHINA DAILY (၁-၁၂-၂၀၂၁)

Category: China(Nanning)