Singapore

ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာချိန်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ထပ်ဆင့်ပံ့ပိုးကူညီပေးသွားမည့်အစီအစဉ်များကို သတင်းထုတ်ပြန်

Last Updated:

COVID-19 ၏ သက်ရောက်မှုဒဏ်ကို ပြင်းထန်စွာခံစားနေရသော ခရီးသွားလုပ်ငန်းကဏ္ဍအတွက် လုပ်ငန်းများ၏ လုပ်ခလစာအပေါ် ထောက်ပံ့ပေးခြင်းနှင့် လိုင်စင်ခများ ကင်းလွတ်ခွင့်ပြုခြင်းကဲ့သို့သော အစိုးရ၏ အကူအညီများရရှိလျက်ရှိပြီး လက်ရှိ Circuit Breaker ကာလအတွင်း ခရီးသွားလုပ်ငန်းများ၏ ရပ်တည်မှုအပေါ် ထပ်ဆင့်ပံ့ပိုးကူညီပေးနိုင်ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာချိန်အတွက် စတင်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားနိုင်စေရန် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board – STB)  သည် ခရီးသွားလုပ်ငန်း စျေးကွက်ရှာဖွေရေး အထောက်အကူပြုရန်ပုံငွေတည်ထောင်ခြင်း၊ ဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးခြင်း၊ တီထွန်ဆန်းသစ်လုပ်ကိုင်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ငွေသားလိုအပ် ချက်အပေါ် သက်သာရာရရှိစေနိုင်မည့်အစီအစဉ်တို့ဖြင့် ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

STB ၏ အစီအစဉ်များအနက် စင်ကာပူ၏ ခရီးသွားလုပ်ငန်းစျေးကွက်ကို မြှင့်တင်ပေးနိုင်သော "Marketing Partnership Programme" အတွက် စင်ကာပူဒေါ်လာ ၂၀ သန်း သုံးစွဲသွားမည်ဖြစ်ပြီး ဟိုတယ်များ၊ ခရီးသည်ဆွဲဆောင်သည့်လုပ်ငန်းများ၊ Inbound ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ MICE (Meetings, Incentives, Conferences and Exhibitions) ဝန်ဆောင်မှုလုပ်ငန်းများ၏ သတ်မှတ်ချက်နှင့်ကိုက်ညီသော စျေးကွက်ရှာဖွေရေးဆိုင်ရာကုန်ကျစရိတ်များအပေါ် ၇၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေး သွားမည်ဖြစ်ပါသည်။ မေလအစောပိုင်းတွင် လုပ်ငန်းများသည် လျှောက်လွှာတင်သွင်းမှုများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အလားတူ စင်ကာပူနိုင်ငံ၏ စည်းလုံးညီညွှတ်မှု၊ ကြံ့ခိုင်မှု၊ ဒူပေနာပေခံနိုင်မှုနှင့် အားသာချက်များကို စိတ်ဝင်စားဖွယ် "Digital Video Content" ဖန်တီးထုတ်လုပ်၍ ခရီးသွားစျေးကွက်မြှင့်တင်ခြင်းနှင့် ဖြန့်ဖြူးခြင်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ၏ သတ် မှတ်ချက်နှင့်ကိုက်ညီသော ကုန်ကျစရိတ်များအပေါ် ၉၀ ရာခိုင်နှုန်းအထိ (စီမံကိန်းတစ်ခုလျှင် စင်ကာပူဒေါ်လာ ၁၅၀,၀၀၀ အထိ ကန့်သတ်ချက်ဖြင့်) ပံ့ပိုးပေးမည်ဖြစ်ပြီး ဤအစီအစဉ်အတွက် "SG Stories Content Fund" ကို စင်ကာပူဒေါ်လာ ၂ သန်းဖြင့် ထူထောင်မည်ဖြစ်ပါသည်။  လျှောက်လွှာတင်သွင်းမှုကို မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်နိုင်ပြီး "Digital Video Content" ဖန်တီးရာတွင် လက်ရှိ "Circuit Breaker" ကာလအတွင်း လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သွားလာရသည့် "Safe Distancing" အစီအမံကြောင့် အိမ်အပြင်ဘက်ထွက်၍ ရိုက်ကူးခြင်း မပြုလုပ်ရန်နှင့် နေအိမ်မှသာ ဖန်တီးထုတ်လုပ်သွားရမည် ဖြစ်ပါသည်။

 STB သည် ခရီးသွားလာရေးကဏ္ဍရှိ လုပ်ငန်းများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် မူဘောင်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ ဒုတိယ (၃) လပတ်တွင် "Tourism Transformation Index (TXI)" တည်ထောင်သွားမည်ဖြစ်ပြီး၊ TXI အညွှန်းကိန်းဖြင့် လုပ်ငန်းများသည် ၎င်းတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့်ပတ်သက်၍ လက်ရှိအခြေအနေ၊ အားသာချက်နှင့် အခွင့်အလမ်းများကို သုံးသပ်နိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းများ၏ ဒီဂျစ်တယ် အသွင် ကူးပြောင်းမှုခရီးအတွက် နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ရန်အတွက် STB  ကလည်း အကြုံပြုပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းများက ဒီဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ရှာဖွေနိုင်မည့် နည်းလမ်းကောင်းများကို တီထွင်ဖန်တီး၍ စမ်းသပ်နိုင်သော နေရာတစ်ခု "Three House" ကို STB ၏ ရုံးအဆောက်အဦးတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းများ၏ ဆန်းသစ်ဖန်တီးမှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အပေါ် အထောက်အကူပြုပေးနိုင်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် များကို ရယူနိုင်သော "Singapore Tourism Analytics Network" ကိုလည်း တည်ထောင်သွားမည်ဖြစ်ပါသည်။

"STB Marketing College" သည် အဓိကဒီဂျစ်တယ်လုပ်ငန်းများဖြစ်သော Facebook ၊ Google နှင့် LinkedIn တို့နှင့် ပူးပေါင်းလျက် ခရီးသွားလုပ်ငန်းကဏ္ဍရှိ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုမြှင့်တင်ပေးနိုင်ရန်အတွက် ဝက်ဆိုက်ဒ်အခြေပြုသင်တန်းများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိ ခရီးသွားအေဂျင်စီလုပ်ငန်းများ၏ ငွေသားလိုအပ်ချက်ရှိမှုအပေါ် ပံ့ပိုးပေးနိုင်ရန်အတွက် ၂၀၂၀ နှစ်ကုန်အထိ ၎င်းတို့၏ လုပ်ငန်းလိုင်စင်ဆက်လက်ကိုင်ဆောင်ခွင့်အတွက် အနည်းဆုံးထားရှိရမည့် ငွေကြေးလိုအပ်ချက်ကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ပေါ့ပေးလိုက်သောကြောင့် ယခုအခါ အထွေထွေလိုင်စင်ကိုင်ဆောင်၍ လုပ်ကိုင်နေသော ခရီးသွားအေဂျင်စီများသည် အသားတင်တန်ဖိုး စင်ကာပူဒေါ်လာ ၁၀,၀၀၀ နှင့် "Niche Licence" ကိုင်ဆောင်သော ခရီးသွားအေဂျင်စီများသည် အသား တင်တန်ဖိုး စင်ကာပူဒေါ်လာ ၅,၀၀၀ အသီးသီးတို့သာ ထိန်းသိမ်းထားရန် လိုအပ်​ပါကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Tourism Board 

Category: Singapore