Belgium

ဂါနာနိုင်ငံ၏ သရက်သီးတင်ပို့မှု တိုးတက်ခဲ့

Last Updated:

၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဂါနာနိုင်ငံ၏ သရက်သီးတင်ပို့မှုသည် (၂၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ဂါနာပို့ကုန်မြှင့်တင်ရေးဗဟိုဌာန (Ghana Exports Promotions Center-GEPA) ၏ အချက်အလက်များအရ ဂါနာနိုင်ငံ၏ ၂၀၂၀ ခုနှစ်၊ သရက်သီးတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၃) သန်းနှင့် နှိုင်းယှဉ်ပါ က ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆၄.၆) သန်းသို့ တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့သရက်သီးတင်ပို့သည့် နိုင်ငံများစာရင်း တွင် ဂါနာနိုင်ငံအနေဖြင့် အဆင့် (၁၁) နေရာ၌ ရပ်တည်ခဲ့ပါသည်။

၂၀၂၁ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်း (UK) နိုင်ငံ၏ သရက်သီးတင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၂၃၀) သန်းရှိခဲ့ရာတွင် ဂါနာနိုင်ငံသည် UK ဈေးကွက်အတွက် သရက်သီးအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပါသည်။ ဂါနာနိုင်ငံမှ သရက်သီးကို တင်သွင်းသည့် အခြားနိုင်ငံများမှာ ဂျာမနီနိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉.၉ သန်း)၊ ဆွစ်ဇာလန်နိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၁ သန်း)၊ ဘယ်လ်ဂျီယံနိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇ သန်း) နှင့် ပြင်သစ်နိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂ သန်း) တို့ဖြစ်ကြပါသည်။

ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် ဘယ်လ်ဂျီယံ စသည့် အဓိကဈေးကွက် (၄) နိုင်ငံမှ တင်သွင်းမှုသည် ဂါနာနိုင်ငံမှ သရက်သီးတင်ပို့မှုတန်ဖိုးစုစုပေါင်း၏ (၉၁.၄) ရာခိုင်နှုန်းကို ကိုယ်စားပြုထားပါသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဂါနာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ သရက်သီးတင်ပို့မှု (၂၇) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး၊ ဆွစ်ဇာလန်နိုင်ငံသို့ တင်ပို့မှုတွင် (၉) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့သရက်သီးဈေးကွက်ဝယ်လိုအားမှာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တည်ငြိမ်စွာဖြင့် တိုးတက်နေပါသည်။ အမေရိကန်နိုင်ငံသည် တင်သွင်းမှုတန်ဖိုးအမေရိကန် ဒေါ်လာ (၈၁၈.၂) သန်းဖြင့် ကမ္ဘာ့သရက်သီးအများဆုံးတင်သွင်းသူအဖြစ် ရပ်တည်ခဲ့ကြောင်း၊ အခြားထင်ရှားသော သရက်သီးတင်သွင်းသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၇၄.၇၈ သန်း)၊ နယ်သာလန်နိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၆ သန်း)၊ ဂျာမနီနိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၃.၄ သန်း)၊ ယူနိုက်တက်ကင်းဒမ်း (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၀.၁ သန်း)၊ ပြင်သစ်နိုင်ငံ (တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၅.၈ သန်း) တို့ဖြစ်ကြကြောင်း သိရပါသည်။

အခွန်သက်သာခွင့်ပေးအပ်ထားမှုအခြေအနေများ၊ ဈေးကွက်ပျမ်းမျှတိုးတက်မှုနှုန်းနှင့် ပထဝီအနေအထားအားသာချက်များအရ ဂါနာနိုင်ငံအနေဖြင့် ဈေးကွက်အမျိုး မျိုး ကွဲပြားတင်ပို့နိုင်ရေးအတွက် ရှာဖွေထိုးဖောက်ရန် အလားအလာရှိသည့် ဈေးကွက်သစ်များမှာ ရုရှား၊ စပိန်နှင့် ဟောင်ကောင် တို့ဖြစ်ကြသည်ဟု သိရပါသည်။ 

 

(ကျော်စိန်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့)
ရင်းမြစ် -    (https://www.freshplaza.com/, https://www.businessghana.com/ )

 

Category: Belgium