Japan

ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၈၄ ရာခိုင်နှုန်းခန့်က ၂၀၂၂ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများရှိသည်ဟု မျှော်လင့်ကြောင်းသိရ

Last Updated:

ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ၈၄% ခန့်က ၂၀၂၂ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းထား ကျဆင်းသွားပြီး တစ်ဦးချင်းစားသုံးမှုနှုန်းများလည်း ပြန်လည်မြင့် တက်လာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာများရှိသည်ဟု မျှော်လင့်နေကြကြောင်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ကျိုဒိုသတင်းဌာနမှ ဆောင်ရွက်သည့် စစ်တမ်းအဖြေများအရ သိရပါသည်။

Toyota Motor Corp. နှင့် SoftBank Group Corp. တို့အပါအဝင် ကုမ္ပဏီပေါင်း ၁၀၆ ခုအပေါ် စစ်တမ်းကောက်ယူခဲ့ရာတွင် ကုမ္ပဏီ ၁၃ ခုကသာ ကူးစက်ရောဂါနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ဂျပန်နိုင်ငံ၏စီးပွားရေးသည် ဆက်လက်ကျဆင်းမည့်အလားအလာရှိသည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။ ကုန်ကြမ်းပစ္စည်း စျေးနှုန်းများ မြင့်တက်လာခြင်း၊ စားသုံးသူများ၏သုံးစွဲမှုနှုန်း လျော့ကျနေဆဲဖြစ်သည်ဟု ယူဆခြင်းနှင့် လက်ရှိ၌ Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်ကူး စက်မှုများရှိနေဆဲ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေးတိုးတက်လာမှုနှုန်း သိသိသာသာမြင့်တက်လာနိုင်မည်မဟုတ်ဟု ယူဆကြောင်းသိရပါသည်။

ကုမ္ပဏီ ၈၄ ခုကမူ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ့စီးပွားရေးမှာ အလယ်အလတ်နှုန်းထားဖြင့် တိုးတက်လာမည်ဟု မျှော်မှန်းထားကြောင်း၊ ကုမ္ပဏီ ၅ ခုမှာထိုထက်ပို၍ စီးပွားရေးတိုးတက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း ဖြေကြားထားပါသည်။

ထိုကဲ့သို့ မျှော်မှန်းချက်ရှုဒေါင့်မျိုးစုံမှ ဖြေကြားချက်များအရ ကုမ္ပဏီအားလုံး၏ ၉၁% မှ စားသုံးသူများ၏ တစ်ဦးချင်းသုံးစွဲမှုအနေအထားမှာ သိသိသာသာမြင့်တက်လာ နိုင်သည်ဟု ယူဆကြောင်း၊ ၆၄% မှာ ဗိုင်းရပ်စ်ကြောင့် ယိမ်းယိုင်နေသည့် နိုင်ငံ့စီးပွားရေးမှာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်မှန်းကြောင်း၊ ၃၅% ကမူ ငွေလုံးငွေရင်းပိုင်း ရင်းနှီးမြှုပ်နှံမှုမှာ ပြန်လည်မြင့်တက်လာမည်ဟု ယူဆကြောင်း၊ ၁၉ % မှ အမေရိကန်နိုင်ငံ၏ စီးပွားရေးပြန်လည် နာလန်ထူလာမှုအပေါ် မျှော်လင့်ကြောင်း သိရပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကျိုဒိုသတင်းဌာနမှဆောင်ရွက်ခဲ့သော အလားတူစစ်တမ်းအရ ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ၏ စီးပွားရေးနာလန် ထူလာမှုအပေါ် ကုမ္ပဏီအားလုံး၏ ၇၄ % ခန့်မှ မျှော်မှန်းခဲ့ကြောင်း သိရပါသည်။

ဝန်ကြီးချုပ် Fumio Kishida မှ နိုင်ငံ၏စီးပွားရေး နဂိုမူလအခြေအနေ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေစဉ် လက်ရှိစတင်ပြန့်ပွားနေသည့် Omicron ဗိုင်းရပ်စ်မျိုးကွဲ သစ်ကူးစက်မှုကို တတ်နိုင်သမျှ အနည်းဆုံးအနေအထားသို့ လျှော့ချရန် အားထုတ်ဆောင်ရွက်သွားမည်ဟု သံဓိဌာန်ပြုထားပါသည်။

၂၀၂၁ ခုနှစ်၊ နွေရာသီ အိုလံပစ်အားကစားပွဲတော်ကို လက်ခံကျင်းပခဲ့သည့်အချိန်၌ ပဉ္စမအကြိမ်မြောက် ကိုရိုနာကူးစက်မှုလှိုင်းနှင့် ရင်ဆိုင်ခဲ့ရစဉ် ဂျပန်အစိုးရသည် နိုင်ငံ တစ်ဝှမ်းအား အရေးပေါ်အစီအမံကြေငြာခဲ့ပြီး ပြည်သူများကို မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားရောက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေထိုင်ခြင်းများ ရှောင်ရှားရန် တိုက်တွန်းခဲ့ပါသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ၎င်းအရေးပေါ်အစီအမံအား ရုတ်သိမ်းခဲ့ပြီး လုပ်ငန်းအားလုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည့်နောက်တွင် တည်းခိုနေထိုင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းစသည့် အပန်းဖြေမှုဆိုင်ရာလုပ်ငန်းကဏ္ဍများသည် ကူးစက်ရောဂါမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိလာမည်ဟု မျှော်လင့်ထားပါသည်။ စစ်တမ်းဖြေကြားသည့်ကုမ္ပဏီများအနက် စားသောက်ကုန်လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီတစ်ခုမှ ဂျပန်အစိုးရ၏ ကိုရိုနာ ဗိုင်းရပ်စ်တုန့်ပြန်ရေး အစီအမံများမှာ လုံလောက်မှုမရှိကြောင်း၊ သို့ဖြစ်ရာ ဗိုင်းရပ်စ်မပြန့်ပွားမီအချိန်မှ နိုင်ငံ့စီးပွားရေးတိုးတက်မှုအနေအထားသို့ ပြန်လည်ရောက်ရှိရန် အချိန်ယူရမည်ဖြစ် ကြောင်း ဖြေကြားထားပါသည်။

ဂျပန်နိုင်ငံတွင် ပဉ္စမအကြိမ်မြောက် ကိုရိုနာကူးစက်မှုလှိုင်းကို ရင်ဆိုင်ရပြီးနောက်ပိုင်း ကာကွယ်ဆေးထိုးနှံမှုများ တွန်းအားပေးဆောင်ရွက်ခဲ့ရာ ပြည်တွင်းကူးစက်မှုများ ပြန်လည်ကျဆင်းသွားခဲ့ပါသည်။ သို့သော် လတ်တလောပြည်တွင်းရှိ စီရင်စုအချို့၌ Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် စတင်ကူးစက်ပြန့်ပွားနေပြီဖြစ်သဖြင့် ဆဌမလှိုင်း တဖန်ပြန်လည်ကူးစက်လာနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာလျက်ရှိပါသည်။

ထို့အတူ ဂျပန်နိုင်ငံမှ စားသုံးသူများသည် ကုန်ကြမ်းပစ္စည်းများ စျေးတက်လာခြင်းနှင့် ဂျပန်ယန်းငွေတန်ဖိုး ကျဆင်းလာခြင်းတို့ကြောင့် နေ့စဉ်အသုံးစရိတ်များ ချွေတာ လာကြသည်ကို တွေ့ရပါသည်။

ဝန်ကြီးချုပ် Kishida ၏ အဓိကမူဝါဒရေးရာများနှင့်ပတ်သက်၍ ကျိုဒိုသတင်းဌာနမှ စစ်တမ်းကောက်ယူရာတွင် ကုမ္ပဏီအားလုံး၏  ၅၄ % မှာ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းရေးကို လက်ခံကြကြောင်း ဖြေကြားခဲ့ကြပါသည်။ ၄၈ % ကမူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုဆိုင်ရာ မူဝါဒကို ထောက်ခံကြောင်း သိရပါသည်။

၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ဓာတ်ငွေ့လျှော့ချရေးရည်မှန်းချက်ကို အောင်မြင်စွာဖော်ဆောင်နိုင်ရန် ဂျပန်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးချ မှုကို ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းက အသုံးချမှု ၁၈ % ထက်နှစ်ဆပိုမိုကာ ၂၀၃၀ ဘဏ္ဍာနှစ်အတွင်း ၃၆ % မှ ၃၈ % သို့ရောက်ရှိရန် ကြိုးပမ်းနေပါသည်။ စစ်တမ်း ကောက်ယူထားသည့် ကုမ္ပဏီများ၏ ၃၉% သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုကို  ၃၅ % မှ ၃၉ % ထိရောက်ရှိရန် ရည်မှန်းထားကြောင်း၊ ကုမ္ပဏီများ၏ ၂၀% မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးချမှုကို ၄၀ % နှင့်အထက်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းသင့်ကြောင်း ဖြေကြားထားပါသည်။

အထက်ဖော်ပြပါစစ်တမ်းကို ကျိုဒိုသတင်းဌာနမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလအစောပိုင်းအတွင်း၌ ANA Holdings Inc.Seven & i Holdings Co.Nintendo Co. နှင့် Panasonic Corp. အစရှိသည့် ကုမ္ပဏီကြီးများအပါအဝင် ဂျပန်ကုမ္ပဏီ ၁၀၆ ခုအပေါ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊  တိုကျိုမြို့)

 

ရင်းမြစ်။  https://www.nippon.com/en/news/kd850548247794909184/84-of-firms-in-japan-see-economic-growthin-2022.html

Category: Japan