Japan

ဂျပန်နိုင်ငံတွင် ကားပျံစမ်းသပ်ပျံသန်းမှုကို မီဒီယာများရှေ့မှောက်တွင် လက်တွေ့စမ်းသပ်ပျံသန်း ခဲ့ကြောင်းသိရ

Last Updated:

ဂျပန်နိုင်ငံရှိ  စွန့်ဦးကုမ္ပဏီတစ်ခုဖြစ်သည့် SkyDrive သည်  လူလိုက်ပါ၍ ပျံသန်းမောင်းနှင်နိုင်သည့် “ကားပျံ” စမ်းသပ်ပျံသန်းမှုကို သတင်း ထောက်များ၏ ရှေ့မှောက်တွင် လက်တွေ့ပျံသန်း ပြသခဲ့ပါသည်။

အဆိုပါယာဉ်သည် ဒရုန်းကဲ့သို့  တွန်းအားပေးသည့် ပန်ကာများကို အသုံးပြုပျံသန်းခြင်းဖြစ်ပါသည်။ တိုကျိုအခြေစိုက်ကုမ္ပဏီဖြစ်သည့်  SkyDrive သည်  ၎င်းတို့ တီထွင်ထုတ်လုပထားသော ကားပျံနှင့်ပတ်သက်သည့် ကနဦးစမ်းသပ်ပျံသန်းမှုများကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှ စတင်၍ အအိချိ စီရင်စု၊  တိုယိုတာမြို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။  အဆိုပါကုမ္ပဏီသည် တိုယိုတာမော်တော်ကုမ္ပဏီမှ ဝန်ထမ်းဟောင်းများနှင့် အခြားနည်းပညာဖန်တီးသူများ စုပေါင်းတည်ထောင်ထားခြင်းဖြစ်ပါသည်။

သတင်းထောက်မီဒီယာများကို ပြသရာတွင် စမ်းသပ်မောင်းနှင်ခဲ့သည့် မောင်းနှင်သူသည် အဆိုပါကားပျံယာဉ်၏  ထိန်းချုပ်မှုကိရိယာကို အသုံးပြုကာ မောင်းနှင်းခဲ့ပါကြောင်း၊ ကား၏ အရှည်မှာ ၄ မီတာခန့်နှင့် အမြင့်မှာမူ  ၂ မီတာခန့်ရှိပါကြောင်း၊ အဆိုပါကားပျံတွင် ပန်ကာ ၈ လုံး ဖြင့်လည်ပတ်ခဲ့ပြီး မြေပြင်မှ ၂ မီတာအမြင့်ထိ တစ်နာရီကို ၄ ကီလိုမီတာနှုန်းဖြင့် မြင့်တက်ကာ လှည့်ပတ်ပျံသန်းနိုင်ခဲ့ကြောင်း သိရပါသည်။

ယခုကဲ့သို့ လူလိုက်ပါမောင်းနှင်နိုင်သော မော်တော်ကားစမ်းသပ်ပျံသန်းမှုကို အောင်အောင်မြင်မြင် တီထွင်နိုင်မှုကို ၎င်းတို့က ဂျပန်နိုင်ငံတွင် ပထမဦးဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း SkyDrive ကုမ္ပဏီအရာရှိများက ဆိုပါသည်။

ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချပြီး ဒေသတွင်းခရီးသွားလာမှုများတွင် ပိုမိုထိရောက် မြန်ဆန်စွာဆောင်ရွက်ခြင်းသည် အရေးပါလာသည့်အတွက် ကားပျံများ တီထွင်ဖန်တီးမှုကို  ကမ္ဘာတစ်ဝှမ်း မျှော်လင့်စောင့်ဆိုင်း နေကြခြင်းဖြစ်ပါသည်။

SkyDrive ကုမ္ပဏီသည်  အနာဂတ်ကာလ ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံအတွင်းရှိ စီရင်စုဒေသများတွင် တက္ကစီအငှားယာဉ်အဖြစ် ကားပျံဝန် ဆောင်မှုကို စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားပါကြောင်းနှင့်  ၂၀၂၈ ခုနှစ်တွင်လည်း ကိုယ်တိုင်မောင်း ကားပျံဝန်ဆောင်မှုကို စတင်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan