Japan

ဂျပန်နိုင်ငံထုတ် Pneumatic Valve များအပေါ်ကောက်ခံသည့် Anti-dumping Duty တောင်ကိုရီးယားနိုင်ငံက ဖယ်ရှားပေးခဲ့

Last Updated:

ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် လေဖိအားဒဏ်ခံနိုင်သော အဆို့ရှင်ခလုတ် (Pneumatic Valves ) များအပေါ် တောင်ကိုရီးယားအစိုးရက ကောက်ခံနေသည့် Anti-dumping Duty သည် နိုင်ငံတကာစည်းမျဉ်းများကို ချိုးဖောက် နေသည်ဟူသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏  ဆုံးဖြတ်ချက် နှင့်အညီ ယင်းအခွန်များကို ဖယ်ရှားလိုက်ကြောင်း ဂျပန်နိုင်ငံ၊  စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) က ကြေငြာခဲ့ပါသည်။

၂၀၁၅ ခုနှစ်မှ အစပြုကာ အဆိုပါကုန်ပစ္စည်းများကို  ပြည်တွင်းရှိထုတ်လုပ်သူများ နစ်နာစေနိုင်သည့် မတန်တဆဈေးဖြင့် ဂျပန်နိုင်ငံမှ တင်သွင်း သည်ဟုဆိုကာ တောင်ကိုရီးယားအစိုးရက အခွန်  ၁၂ % မှ ၂၃ %  အထိ ၅ နှစ်တာကာလအစီအမံဖြင့် ကောက်ခံခဲ့ပါသည်။  ၎င်းကုန်ပစ္စည်းများ ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် မော်တော်ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများတွင် အဓိကအသုံးပြုကြောင်းသိရပါသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက WTO သို့ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တိုင်ကြားခဲ့ပြီး ထိုသို့အခွန်နှုန်းမြင့်မားစွာ ကောက်ခံခြင်းသည် WTO ၏ စည်းမျဉ်းများကို ချိုးဖောက်ရာရောက်ကြောင်းဟု  ၂၀၁၉ ခုနှစ်၊  စက်တင်ဘာလအတွင်း WTO ၏ Appellate Body က ဆုံးဖြတ်ချက်ချမှတ် ခဲ့ပြီး အခွန်ကောက်ခံမှုနှုန်းကို ပြင်ဆင်သတ်မှတ်ပေးဖို့ တောင်ကိုရီးယားအစိုးရအား တောင်းဆိုခဲ့ပါသည်။

၎င်းအခွန်ကောက်ခံမှုကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၈ ရက်နေ့ ည ၁၂ နာရီ တွင် တောင်ကိုရီးယား အစိုးရဘက်က ဖယ်ရှားခဲ့ကြောင်း  ဂျပန်နိုင်ငံ ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန (METI) က သြဂုတ်လ ၁၉ ရက်နေ့တွင်  ကြေညာခဲ့ပါသည်။

ဂျပန်နိုင်ငံအနေဖြင့် အဆိုပါကုန်ပစ္စည်းများကို   တန်ဖိုးအားဖြင့် ယန်း ၃.၇ ဘီလီယံ ( အမေ ရိကန်ဒေါ်လာ ၂၅ သန်း) ခန့် တောင်ကိုရီးယားသို့ နှစ်စဉ်တင်ပို့နေခဲ့ပါကြောင်း၊ ဂျပန်လုပ်ငန်းရှင် များက ၅ နှစ်တာကာလအတွင်း ယန်း ၂ ဘီလီယံခန့်ကို အခွန်အခအဖြစ် ပေးဆောင်နေခဲ့ရပါ ကြောင်း၊ သို့အတွက် ထိုအခွန်အခများကို အလျင်အမြန်ဖယ်ရှားပေးရန် ဂျပန်နိုင်ငံက တောင်ကိုရီးယားအစိုးရကို ထပ်တလဲလဲတောင်းဆိုခဲ့ ကြောင်း၊ ဂျပန်နိုင်ငံက ဦးဆောင်ကြိုးပမ်းခဲ့သည့် WTO ၏ အငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်၏ အကျိုးရလဒ်ကြောင့် ယခုကဲ့သို့ အခွန်နှုန်း ဖယ်ရှားပေးခြင်းဖြစ်ကြောင်း  (METI)  က ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Nikkei Asian Review.

Category: Japan