Japan

ဂျပန်နိုင်ငံ၊ MAFF သည် “Go To Eat campaign” ကို သြဂုတ်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေ

Last Updated:

ဂျပန်အစိုးရသည် ကိုရိုနာကပ်ရော၏ သက်ရောက်မှုကြောင့် စီးပွားရေးကျဆင်းနေသည့် နိုင်ငံတွင်းရှိ စားသောက်ဆိုင်များကို လုပ်ငန်းပြန်လည်ရှင်သန်လာရေး အထောက်အပံ့ပြုသည့် အစီအစဉ်အဖြစ် “Go To Eat campaign” ကို The Ministry Of  Agriculture, Forestry and Fisheries (MAFF) က ဦးစီးအကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်းသိရပါသည်။

MAFF သည် ဇူလိုင်လ တတိယအပတ်မှ အစပြု၍ အဆိုပါ လှုပ်ရှားမှုအစီအစဉ်အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များထံမှ လျှောက်လွှာများ စတင်လက်ခံခဲ့ကြောင်း၊ လာမည့် သြဂုတ်လ ၇ ရက်နေ့နောက်ဆုံးထား လျှောက်လွှာတင်သွင်းကြရန် သတ်မှတ်ထားပါသည်။ ပြည်တွင်း၌ ကိုရိုနာတကျော့ပြန်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခြင်းကြောင့် MAFF က လျှောက်လွှာ တင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့သော်လည်း နောက်ပိုင်းတွင် စားသောက်ဆိုင်များအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို လိုက်နာပြီး အဆိုပါ အရောင်း မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဆုံးဖြတ်အတည်ပြုခဲ့ပါသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ချမှတ်ထားသည့် ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက်နေသည့် စားသောက်ဆိုင်များအနေဖြင့် အဆိုပါ လှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ၂၅% စျေးလျော့ပေး ထားသည့် အစားအသောက်ကူပွန်များ ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါကူပွန်များကို မှတ်ပုံတင်ထားသည့် စားသောက်ဆိုင်များတွင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အင်တာနက်မှ ကြိုတင်စာရင်းပေးသွင်းထားကြသည့် စားသုံးသူများအနေဖြင့် ယန်း ၁၀၀၀ နှင့်ညီမျှသည့်  reward points ကို ခံစားခွင့်ရမည် ဖြစ်ပါသည်။

MAFF က နိုင်ငံအနှံ့ရှိ စားသောက်ဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များနှင့် သက်ဆိုင်သည့် reward points အစီအစဉ်ကို စတင်မည့်အချိန်နှင့်ပတ်သက်၍ ပြည်သူများ ခရီးသွားလာခြင်းမှတဆင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်မည်စိုးရိမ်သဖြင့် နိုင်ငံတစ်ဝှမ်း ရောဂါဖြစ်ပွားမှုအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်ကို ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် Takeout ဝယ်ယူစားသုံးမှု အစီအစဉ် ပါဝင် ခြင်းရှိမရှိနှင့်ပတ်သက်၍ လတ်တလော သီးခြားထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး ၊ တိုကျိုမြို့)

 

Category: Japan