Japan

ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe နုတ်ထွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပြီးနောက် ဂျပန် ဗဟိုဘဏ်၏ မူဝါဒရေးရာများကို ပိုမိုအာရုံစိုက်လာခဲ့ကြောင်းသိရ

Last Updated:

ဂျပန်ဝန်ကြီးချုပ် Mr. Shinzo Abe ရာထူးကနေ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့ (သောကြာနေ့) နောက်ပိုင်း ဂျပန်ဗဟိုဘဏ်သည် ၎င်း၏ ငွေကြေးဖြေလျှော့မှုဆိုင်ရာ မူဝါဒများကို ဆက်လက် ထိန်းသိမ်းခြင်း ရှိ/မရှိ နှင့်ပတ်သက်၍ စီးပွားရေးစျေးကွက်မှ လူအများက စိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်း သိရပါသည်။

ဝန်ကြီးချုပ် Mr. Abe က ရွေးချယ်ခန့်အပ်ခဲ့သည့် ဂျပန်ဗဟိုဘဏ် အကြီးအကဲ Mr. Kuroda Haruhiko သည် ၂၀၁၃ ခုနှစ်၊ မတ်လမှစတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကြီးမားသော ငွေကြေးဖြေလျှော့ရေးဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ခဲ့ပါသည်။

Abenomics အမည်ရသည့် စီးပွားရေးမူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် ဂျပန်ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ မူဝါဒတွေကို ဖြေလျှော့ပေးခဲ့ပါသည်။ အဆိုပါမူဝါဒများကြောင့် ဂျပန်ယန်းတန်ဖိုး ကျဆင်းခဲ့ပြီး နိုင်ငံခြားပို့ကုန်လုပ်ငန်း များ မြင့်တက်လာခဲ့သည့်ရလဒ်များ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းအပြင် နစ်ကေးစတော့ပျမ်းမျှအညွှန်းကိန်း အမှတ်သည်လည်း ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရပါသည်။

သြဂုတ်လ ၂၈ ရက်နေ့ (သောကြာနေ့) က မစ္စတာ Mr. Abe က ရာထူးကနေ နုတ်ထွက် မည့် ဆုံးဖြတ်ချက်သတင်း ထုတ်ပြန်ခဲ့ပြီးနောက် တိုကျို စတော့စျေးကွက်တွင် ရှယ်ယာများအား ထုတ်ရောင်းခဲ့ကြသည့်အတွက် နစ်ကေး ပျမ်းမျှအညွှန်းကိန်းဟာ ၆၀၀ မှတ် ကျော်ခန့်အထိ ကျဆင်းသွား ခဲ့ပါသည်။

ဂျပန်ယန်းတန်ဖိုးလျော့နည်းစေပြီး စတော့တန်ဖိုးတက်စေရန် အထောက်အကူပြုစေသည့်  ကြီးမားသော ငွေကြေးဖြေလျှော့ရေးဆိုင်ရာ မူဝါဒပိုင်း ဆောင်ရွက်ချက်များကို  ဂျပန်ဗဟိုဘဏ်အနေဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ရှိ/မရှိကို  စီးပွားရေးစျေးကွက်လေ့လာသူများနှင့် စျေးကွက်တွင် ပါဝင်ပတ်သက်နေသူများက ဂရုတစိုက် စောင့်ကြည့်နေကြခြင်းဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့စီးပွားရေး အတန်ပင်ထိခိုက်ခဲ့ရသည့်အတွက်  စီးပွားရေးနာလန်ထူမှုကို အထောက်အကူဖြစ်စေမည့် ငွေကြေးမူဝါဒပိုင်း ဖြေလျော့မှုများကို ဆက်လက် ဆောင်ရွက်သင့်ကြောင်း၊ လာမည့် စက်တင်ဘာ လ ၁၆ ရက်နေ့မှစကာ မူဝါဒဆိုင်ရာဘုတ်အဖွဲ့အစည်းအဝေးကို ၂ ရက်ကြာခန့် ကျင်းပရန် ပြင်ဆင်နေပါကြောင်း ဂျပန်ဗဟိုဘဏ်က ပြောကြားလိုက်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan