Japan

ဂျပန်အစိုးရက စီးပွားရေးလုပ်ငန်းများအား ၎င်းတို့ဝန်ထမ်းများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို နေအိမ်မှသာအလုပ်လုပ်ရန် တောင်းဆိုမည်ဖြစ်ကြောင်းသိရ

Last Updated:

ဂျပန်အစိုးရသည် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအသီးသီးအား ၎င်းတို့၏ ဝန်ထမ်း ၇၀ % ခန့်ကို နေအိမ်မှသာ အလုပ်လုပ်ကြရန် အခိုင်အမာတောင်းဆိုမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ရင်ဆိုင်တုန့်ပြန် ရေးနှင့် စီးပွားရေးပြန်လည်အားကောင်းလာစေရေး ဝန်ကြီး Mr. Yasutoshi Nishimura က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရပါသည်။

အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများအားလုံးသို့ လူစုလူဝေးများပြားသည့် အစည်းအဝေးများ၊ အစားအသောက်ဧည့်ခံပွဲများ ကျင်းပခြင်းမပြုလုပ်ကြရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Yasutoshi Nishimura က ပြောကြားခဲ့ပါသည်။ ဂျပန် နိုင်ငံတစ်ဝှမ်း ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှု မြင့်တက်နေသည့်အတွက် နေအိမ်မှနေ၍ အလုပ်လုပ်ကိုင်သူဦးရေ ပြန်လည်မြင့်တက် လာခဲ့ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခြင်းမပြုလုပ်သင့်ဘဲ ၎င်းတို့အနေဖြင့် teleworking ပုံစံအမျိုးမျိုးကို အသုံးချကာ လူစုလူဝေးရှောင်ရှားပြီး လုပ်ငန်းဆောင်ရွက်ကြစေလိုကြောင်း ၎င်းကဆိုပါသည်။

အစိုးရသည် စီးပွားရေးလုပ်ငန်းများကို ကိုရိုနာဗိုင်းရပ်ပ်စ်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များ၊ အင်တာနက်အသုံးပြု လုပ်ငန်းဆောင်ရွက်မှုမြှင့်တင်ခြင်းများ၊ ကျန်းမာရေးအခြေအနေမကောင်းသည့် ဝန်ထမ်းများကို နေအိမ်မှသာ လုပ်ငန်းလုပ်ကိုင် စေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် contact-tracing smartphone application ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေး မိတ်ဆက်ခြင်းစသည်တို့ကို တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရပါသည်။

သက်ကြီးရွယ်အိုများတွင် ရောဂါကူးစက်ပါက ခံစားရသည့်လက္ခဏာများ ပိုမိုပြင်းထန်လာနိုင်သဖြင့် သက်ကြီးရွယ်အိုကူးစက်မှု နှုန်းကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Yasutoshi Nishimura က ပြောကြားခဲ့ပါသည်။ အစိုးရသည် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ကိုရိုနာဗိုင်းရပ်စ်တုန့်ပြန်ဖြေရှင်းရေး အစည်းအဝေးကို လာမည့်သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပသွားရန် ရှိကြောင်းနှင့် အဆိုပါအစည်းအဝေးတွင် ပြီးခဲ့သည့် ဧပြီနှင့် မေလအတွင်းက နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေ ကြေငြာချက်ထုတ်ပြန်ဆောင်ရွက်ခဲ့မှု၏ စီးပွားရေးနှင့် လူမှုရေးတို့အပေါ် အကျိုးသက် ရောက်မှုများကို အကဲဖြတ် သုံးသပ်သွားကြမည်ဖြစ်ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan