Japan

ဂျပန်အစိုးရက စံချိန်တင် များပြားသည့် စီးပွားရေးပိုင်း အရေးပေါ်ထောက်ပံ့မှု အစီအစဉ်များ အတည်ပြုခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု၏ နောက်ဆက်တွဲ ဂယက်များကို ကိုင်တွယ် ဖြေရှင်းရန်အတွက် စံချိန်တင်များပြားသည့် စီးပွားရေးပိုင်း အရေးပေါ်ထောက်ပံ့မှု အစီအစဉ် ကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် အမေရိကန်ဒေါ်လာ     (၁)  ထရီလီယံ တန်ဖိုးရှိပြီး အစိုးရက ထိုငွေကြေးသုံးစွဲမှုအား အထောက်အပံ့ဖြစ်စေရန် အစိုးရငွေချေးစာချုပ်များ ထပ်မံထုတ်ရန် စီစဉ်ထားကြောင်း သိရပါသည်။

ကိုရိုနာရောဂါကို ကုသနိုင်ဖွယ်ရှိသည့် ဂျပန်နိုင်ငံထုတ် တုပ်ကွေးရောဂါကု ဆေးဝါးဖြစ်သည့် Avigan ကို ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ် ကူးစက်ခံရသည့် လူ ၂ သန်း ကျော်အတွက် အလုံအလောက် ရရှိရန် စီစဉ်ဆောင်ရွက်နေပါသည်။ အခြားအဓိက အစီ အစဉ်မှာ  ကိုရိုနာကပ်ရောဂါ ဂယက်ရိုက်မှုကြောင့် ဝင်ငွေအကြီးအကျယ်ထိခိုက်သွားသည့် အိမ်ထောင်စုများကို အမေရိကန် ဒေါ်လာ ၂၈၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်ဖြစ်ပြီး ကလေးငယ်များအတွက် ထောက်ပံ့ကြေးကိုလည်း ထပ်ဆောင်းပေးမည်ဟု သိရပါသည်။

ထိုရန်ပုံငွေအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ နီးပါးတန်ဖိုးရှိသည့် ငွေချေးစာချုပ်များကိုလည်း ထပ်မံ ထုတ်သွားမည်ဖြစ်သည့်အတွက် ယခု ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အစိုးရမှ ရိုက်ထုတ်မည့် ငွေချေးစာချုပ်များ၏ စုစုပေါင်း ပမာဏသည် အမေရိကန်ဒေါ်လာ ၄၅၀ ဘီလီယံ ခန့်ထိ ရှိလာမည်ဟု သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan