Germany

ဂျာမနီနိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေးအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် Federal Statistical Office (Destatis) ၏ စာရင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၌ ပို့ကုန်တန်ဖိုး ယူရို (၁၃၄.၅) ဘီလီယံနှင့် သွင်းကုန်တန်ဖိုးယူရို (၁၃၀.၈) ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ယူရို (၃.၇) ဘီလီယံရရှိခဲ့ပါသည်။ အဆိုပါကုန်သွယ်မှုတန်ဖိုးသည် ဩဂုတ်လထက် ပို့ကုန်ပိုင်းတွင် (၀.၅) ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် (၂.၃) ရာခိုင်နှုန်းလျော့နည်းခဲ့ပြီး ၂၀၂၁ ခုနှစ် ကာလတူထက် ပို့ကုန် (၂၀.၃) ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်းတွင် (၃၀.၇) ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုသည် ယူရို (၇၃.၄) ဘီလီယံနှင့် တင်သွင်းမှုယူရို (၆၄.၃) ဘီလီယံရှိခဲ့ရာ ဩဂုတ်လထက် (၁.၇) ရာခိုင်နှုန်းနှင့် (၁.၂) ရာခိုင်နှုန်းလျော့နည်းမှု ရှိခဲ့ပါသည်။ အီးယူ ပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုတွင် ပို့ကုန်ယူရို (၆၁.၁) ဘီလီယံနှင့် သွင်းကုန် (၆၆.၅) ဘီလီယံရှိခဲ့ရာ ဩဂုတ်လနှင့်နှိုင်းယှဉ်လျှင် (၁.၀) ရာခိုင်နှုန်းနှင့် (၃.၄) ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိခဲ့ပါသည်။ ပို့ကုန်အများစုသည် အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ ခြင်းဖြစ်ပြီး ပို့ကုန်တန်ဖိုး ယူရို (၁၄.၅) ဘီလီယံရှိကာ ဩဂုတ်လထက် (၅.၆) ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ပို့ကုန်မှာမူ ယူရို (၈.၉) ဘီလီယံနှင့် ယူကေနိုင်ငံသို့ ပို့ကုန်မှာ ယူရို (၆.၁) ဘီလီယံရှိခဲ့ပြီး ဩဂုတ်လထက် (၂.၀) ရာခိုင်နှုန်းနှင့် (၀.၃) ရာခိုင်နှုန်း အသီးသီးလျော့နည်းခဲ့ ကြောင်း သိရှိရပါသည်။

သွင်းကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ တင်သွင်းမှုအများဆုံးဖြစ်ခဲ့ပြီး တန်ဖိုးအားဖြင့် ယူရို (၁၆.၇) ဘီလီယံရှိကာ ဩဂုတ်လထက် (၅.၄) ရာခိုင်နှုန်း ပိုမို တင်သွင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ တင်သွင်းမှု ယူရို (၈.၁) ဘီလီယံနှင့် ယူကေနိုင်ငံမှ ယူရို (၃.၅) ဘီလီယံတင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။ ရုရှားနိုင်ငံနှင့် စက်တင်ဘာလ ကုန်သွယ်မှုမှာ ပို့ကုန် ယူရို (၁.၀) ဘီလီယံနှင့် သွင်းကုန် ယူရို (၁.၈) ဘီလီယံရှိခဲ့ပြီး ဩဂုတ်လထက် (၅.၄) ရာခိုင်နှုန်း နှင့် (၃၃.၁) ရာခိုင်နှုန်း အသီးသီးလျော့နည်းကျဆင်းခဲ့ပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမှာစာအသစ်များရရှိမှုသည် စက်တင်ဘာလတွင် ဩဂုတ် လနှင့်နှိုင်းယှဉ်လျှင် (၀.၄) ရာခိုင်နှုန်းကျဆင်းပြီး ယခင်နှစ်ကာလတူထက် (၁၀.၈) ရာခိုင်နှုန်းကျဆင်းမှုရှိခဲ့ပါသည်။


ဂျာမနီနိုင်ငံ၏ ခရီးသွားကဏ္ဍကို လေ့လာကြည့်လျှင် Federal Statistical Office (Destatis) ၏ စာရင်းများအရ ပြည်တွင်းနှင့် ပြည်ပမှ စုစုပေါင်း ခရီးသွားဝင်ရောက်မှုအရေအတွက် (Arrivals) မှာ ၂၀၂၀ ခုနှစ်၌ (၉၈.၁၄) သန်း၊ ၂၀၂၁ ခုနှစ်၌ (၉၆.၈) သန်း၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ (၁၀၆.၀၈) သန်းတို့ဖြစ်ပြီး ညအိပ်တည်းခိုမှုစာရင်းများအရ စုစုပေါင်း ပြည်တွင်းနှင့် ပြည်ပခရီးသွားဧည့်သည်အရေအတွက် (Overnight stays) မှာ ၂၀၂၀ ခုနှစ်၌ (၃၀၂.၃၁) သန်း၊ ၂၀၂၁ ခုနှစ်၌ (၃၁၀.၂၀) သန်း၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအထိ (၃၀၂.၀၄) သန်းတို့ဖြစ်ကြောင်း၊ ခရီးသွားများ ဝင်ရောက်မှုသည် စုစုပေါင်း ပြည်နယ် (၁၆) ခုအနက် Bavaria ပြည်နယ်နှင့် Baden-Württemberg ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဂျာမနီနိုင်ငံတွင် စွမ်းအင်နှင့် အခြားကုန်ပစ္စည်းဈေးနှုန်းများ မြင့်မားပြီး ငွေကြေးဖောင်းပွမှုနှုန်း (၁၀.၄) ရာခိုင်နှုန်းဖြင့် မြင့်တက်လာနေသော်လည်း ကုန်သွယ်မှုပိုင်းတွင် ကုန်သွယ်မှုပိုငွေ ဆက်လက်ဖြစ်ပေါ်လျှက်ရှိပြီး စီးပွားရေးကျဆင်းလာနေမှုကို ထိန်းညှိနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ လက်ရှိတွင် စီးပွားရေးတိုးတက်မှုနှုန်း (၀.၃) ရာခိုင်နှုန်းရှိနေပြီး ဖက်ဒရယ်အစိုးရအနေဖြင့်လည်း Relief package အစီအစဉ်များဖြင့် ပံ့ပိုးဆောင် ရွက်ပေးလျှက်ရှိကြောင်း၊ ခရီးသွားကဏ္ဍတွင်လည်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းလာမှုနှင့်အတူ ဖြေလျော့ပေးမှုများဖြင့် ခရီးသွားဝင် ရောက်မှု သိသာစွာတိုးတက်လာနေလျှက် ရှိပါကြောင်း  တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:   https://www.destatis.de/EN/Press/2022/11/PE22_463_51.html;jsessionid=C5197E44DBC13853532D7390B4A3BEDE.live742
             https://www-genesis.destatis.de/genesis//online?operation=table&code=45412-0015&bypass=true&levelindex= 1&levelid= 1667861025794#abreadcrumb

 

Category: Germany