Germany

ဂျာမနီနိုင်ငံက ကာတာနိုင်ငံမှ ဓါတ်ငွေ့ဝယ်ယူရေးသဘောတူစာချုပ်ရေးထိုးဆောင်ရွက်ခြင်း

Last Updated:

ဂျာမနီနိုင်ငံအနေဖြင့် ယခုဆောင်းရာသီကာလအတွက်ဓါတ်ငွေ့လုံလောက်စွာဖြည့်တင်း ရရှိပြီးနောက် ဆက်လက်၍ စွမ်းအင်ကဏ္ဍတွင် ဖြည့်တင်းရရှိရေးဆောင်ရွက်လျှက်ရှိရာ ကာတာနိုင်ငံနှင့် လအတန်ကြာ ဆွေးနွေးမှုများပြုလုပ်ပြီးနောက် ကာတာနိုင်ငံပိုင် ရေနံနှင့်ဓါတ်ငွေ့ကုမ္ပဏီထံမှ တစ်နှစ်လျှင် Liquefied Natural Gas (LNG) တန်ချိန်(၂)သန်းဝယ်ယူရန် သဘောတူညီချက် ရယူ လိုက်ကြောင်း၊ ဂျာမနီနိုင်ငံသည် ဥရောပတွင် ဓါတ်ငွေ့ဈေးကွက်အကြီးမားဆုံးဖြစ်ပြီး ကာတာနိုင်ငံအနေဖြင့် ဓါတ်ငွေ့လုံလောက်စွာ ရရှိနိုင်ရေး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ကာတာစွမ်းအင်ဆိုင်ရာ ဝန်ကြီးနှင့် စီအီးအိုဖြစ်သူ Mr.Saad Sherida al-Kaabi က ၂၉.၁၁.၂၀၂၂ရက်နေ့က ပြောကြားလိုက်ပါ သည်။

ဓါတ်ငွေ့တင်သွင်းမှုကို ကာတာနိုင်ငံ Ras Laffan ဒေသမှ ဂျာမနီနိုင်ငံမြောက်ပိုင်း Schleswig-Holstein ပြည်နယ် Brunsbüttel ဒေသရှိ LNG Terminal များသို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ ရောင်းချဖြန့်ဖြူးမှုကို ၂၀၂၆ခုနှစ်မှ စတင်ပြီး အနည်းဆုံး (၁၅)နှစ်ကြာစာချုပ်သက်တမ်း ချုပ်ဆိုလုပ်ကိုင်မည် ဖြစ်ကြောင်း၊ ကာတာ စွမ်းအင်ဌာနရုံးချုပ်နှင့် အမေရိကန်ကုမ္ပဏီ Conoco Phillips တို့အကြား အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးထားရှိကြောင်း၊ Conoco Phillips ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဂျာမနီနိုင်ငံတွင်း ဓါတ်ငွေ့ပို့ဆောင်ဖြန့်ဖြူးမှုပြုလုပ်သွားမည်ဖြစ်ပြီး LNG Terminal ပိုင်း ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း (၁၅)နှစ်ကာလအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂျာမနီနိုင်ငံက ဓါတ်ငွေ့များကို နော်ဝေ၊ နယ်သာလန်နှင့်ဘယ်လ်ဂျီယံ နိုင်ငံတို့မှ တင်သွင်းနေကြောင်း သိရှိရပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် တစ်နှစ်လျှင် ဓါတ်ငွေ့ (၁၀၀)ဘီလီယံကုဗမီတာသုံးစွဲနေမှုရှိပြီး သုံးစွဲမှု၏ ထက်ဝက်ကျော်ခန့်ကို ယခင်က ရုရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကာတာနိုင်ငံနှင့် သဘောတူ ဝယ်ယူ ချုပ်ဆိုမှုဖြင့် တစ်နှစ်လျှင် (၂.၇) ဘီလီယံကုဗမီတာ သုံးစွဲရန် ရရှိနိုင်မည်ဖြစ်ပါသည်။  လက်ရှိတွင် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများသည် ကာတာနိုင်ငံမှ ဓါတ်ငွေ့များ အဓိကဝယ်ယူလျှက်ရှိကြောင်း သိရှိရပါသည်။ အခြားတစ်ဖက်တွင်လည်း ဂျာမနီနိုင်ငံအနေဖြင့် လေထုညစ်ညမ်းမှုလုံးဝမရှိသည့် အခြေအနေသို့ ၂၀၄၅ခုနှစ်တွင်ရောက်ရှိနိုင်ရန် ရည်မှန်းချက်ထားရှိထားပြီး အဆိုပါရည်မှန်းချက်ကို ရောက်ရှိနိုင်ရန် ၂၀၃၀ခုနှစ် နှစ်လယ်ပိုင်းတွင် ဓါတ်ငွေ့သုံးစွဲမှုများကို ဖြတ်တောက်ထားရှိရန် လိုအပ်နေကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/qatar-signs-gas-export-deal-with-germany/a-63923323

https://www.conocophillips.com/news-media/story/conocophillips-and-qatarenergy-agree-to-provide-reliable-lng-supply-to-germany/

Category: Germany