Germany

ဂျာမနီနိုင်ငံက တရုတ်နိုင်ငံနှင့် ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူညီချက်ရယူ

Last Updated:

ဂျာမနီနိုင်ငံ၏ အဓိကအကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်သော ဟမ်းဘတ်ဆိပ်ကမ်း၏ ကွန်တိန်နာအဆောက်အဦလုပ်ငန်း၏ (၂၅) ရာခိုင်နှုန်းအောက် အား  တရုတ်နိုင်ငံ၏ နိုင်ငံပိုင်သင်္ဘောလုပ်ငန်း ကုမ္ပဏီကြီးတစ်ခုဖြစ်သော Cosco ကုမ္ပဏီအား ဝယ်ယူလုပ်ပိုင်ခွင့်ပေးရန် ဂျာမန်အစိုးရအဖွဲ့အစည်း အဝေးက ၂၆.၁၀.၂၀၂၂ ရက်နေ့က ညှိနှိုင်းမှုများပြုလုပ်ကာ သဘောတူဆုံးဖြတ်ခဲ့ပါသည်။

မူလက (၃၅) ရာခိုင်နှုန်း ခွင့်ပြုလုပ်ကိုင်ခွင့်ပေးရန် လျာထားခြင်းအား (၂၅) ရာခိုင်နှုန်းသို့ ပြောင်းလဲလျော့ချ သတ်မှတ်ညှိနှိုင်းဆွေးနွေး သဘောတူခဲ့ ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံ၏ အဓိကအရေးပါသော ဆိပ်ကမ်းတစ်ခုတွင် ယခုကဲ့သို့ တရုတ်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ရှယ်ယာပေးခြင်းအပေါ် ဝေဖန်မှု များ မြင့်တက်ခဲ့ကြောင်း၊ ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz နှင့် ဖက်ဒရယ်အစိုးရဝန်ကြီးဌာနများအကြားတွင်လည်း ယင်းသို့ ခွင့်ပြုလုပ်ကိုင်ခွင့် ပေးမှုအပေါ် အငြင်းပွားဘွယ်ရာ ဆွေးနွေးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ဂျာမန်စီးပွားရေးဝန်ကြီး Mr. Robert Habeck သည်လည်း စိုးရိမ် မှုရှိကြောင်း ဝေဖန်ထောက်ပြသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါသည်။ လုပ်ငန်းသဘောတူညီမှုအပေါ် ထောက်ခံသူများက ဟမ်းဘတ် ဆိပ် ကမ်း၏ လုပ်ဆောင်မှုများ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်နှင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း ထောက်ပြကြပါသည်။

ဝေဖန်မှုများစွာထဲတွင် အစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက Cosco ကုမ္ပဏီအား ရင်းနှီးမြှုပ်နှံလုပ်ပိုင်ခွင့်ပေးခြင်းသည် တရုတ် နိုင်ငံ၏ ဂျာမနီနိုင်ငံနှင့် ဥရောပ သွားလာပို့ဆောင်မှု အခြေခံအဆောက်အအုံများအပေါ် မဟာဗျူဟာအရ ဩဇာသက်ရောက်နိုင်မှုကို ချဲ့ထွင်ပေးရာ ရောက်ပြီး ဂျာမနီနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် မှီခိုမှုကို ပြသရာရောက်ကြောင်း သတိပေးပြောဆိုခဲ့ပါသည်။ Europe Minister of State ဖြစ်သူ Ms. Anna Lührmann ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ တရုတ်နိုင်ငံဆိပ်ကမ်းများတွင် ဂျာမနီနိုင်ငံဘက်မှ ပါဝင်လုပ်ဆောင်ရန် ခွင့်ပြုထားခြင်းမရှိချိန်တွင် ယခုကဲ့သို့ တရုတ်နိုင်ငံကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခြင်းသည် စွန့်စားနစ်နာရမှုများ ရှိလာနိုင် ကြောင်း၊ ကွန်တိန်နာစခန်း ပိုင်ဆိုင်ရယူဆောင်ရွက်ခြင်းသည် စီးပွားရေးရှုထောင့်တစ်ခုတည်းသာမဟုတ်ဘဲ ပထဝီဝင်နိုင်ငံရေးရှုထောင့်ပိုင်းနှင့် လည်း အထူးသက်ဆိုင်သည်ဟု ဆွေးနွေးပြောဆိုခဲ့ပါသည်။ German Institute for Economic Research (DIW) အကြီးအကဲဖြစ်သူ Marcel Fratzscher ကလည်း ရေရှည်ကြီးပွားချမ်းသာမှု၊ တည်ငြိမ်မှုနှင့် လတ်တလော စီးပွားရေးအကျိုးအမြတ်ရရှိနိုင်မှုတို့အပေါ် ဦးစားပေးထောက်ပြကာ ဂျာမန်အစိုးရသည် ယခင် ဖက်ဒရယ်အစိုးရများ၏ မှားယွင်း လုပ်ဆောင်မှုများကို ထပ်မံပြုလုပ်နေကြောင်း  ဝေဖန်ပြောကြားခဲ့ပါသည်။

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က ဝေဖန်မှုများအပေါ်ပယ်ချခဲ့ပြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ်အနေဖြင့် ဆိပ်ကမ်းပိုင်ဆိုင်မှု ဝေစု ရောင်းချခြင်းမျိုးမဟုတ်ဘဲ ကွန်တိန်နာစခန်းတစ်ခုရှိ အစိတ်အပိုင်းတစ်ခုကို ရောင်းချခြင်းအတွက် သဘောတူညီမှုရယူခြင်းသာဖြစ်ကြောင်း၊ ရှယ် ယာဝေစု အနည်းငယ်လုပ်ပိုင်ခွင့်ပေးခြင်းသည် တရုတ်နိုင်ငံကုမ္ပဏီ၏ ဩဇာလွှမ်းမိုးမှုအတွက် မဟာဗျူဟာအခွင့်အရေးပေးသည့်သဘော မသက် ရောက်ကြောင်း၊ လက်ရှိဝေဖန်ပြောဆိုမှုများသည် မိတ်ဘက်ပါတီများဖြစ်ကြသည့် Green Party နှင့် Free Democrats (FDP) တို့ဘက်က အဓိက ပြောဆိုနေခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

ဂျာမနီနိုင်ငံတွင် ယခင်ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကယ်တာဝန်ယူခဲ့သည့် (၁၆) နှစ်တာကာလ (၂၀၀၅-၂၀၂၁) အတွင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ် Mr. Olaf Scholz လက်ထက်တွင် မိတ်ဘက်ပါတီတစ်ခုဖြစ်သော Green Party  မှ နိုင်ငံခြားရေးဝန်ကြီး Ms. Annalena Baerbock က တရုတ်နိုင်ငံအပေါ် လူ့အခွင့်အရေးပိုင်း ဝေဖန်ထောက်ပြမှုများရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အနည်းငယ်လျော့နည်းတင်းမာမှုများ ရှိလာခဲ့ပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် ၎င်း၏ ကုန်သွယ်ဖက်အကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ရေရှည်ဆက်ဆံမှုတည်တံ့ရေးနှင့် တရုတ် နိုင်ငံအပေါ် များစွာ မှီခိုခြင်းမှ ရှောင်ရှားနိုင်ရေးတို့အကြား ဟန်ချက်ညီစွာဆောင်ရွက်နိုင်ရန် ကြိုးစားလျှက်ရှိပါသည်။ အနောက်အုပ်စုနိုင်ငံများနှင့် တရုတ်နိုင်ငံတို့ အကြား မကြာသေးမီက ဆက်ဆံရေးတင်းမာလာနေပြီး ပြီးခဲ့သည့်နွေရာသီ နေတိုးထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက တရုတ်နိုင်ငံအား လုံခြုံရေးဆိုင်ရာ စိန်ခေါ်နေသူ (security challenge) အဖြစ် သတ်မှတ်ကြေညာခြင်း ရှိခဲ့ပါသည်။ ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz အနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့်အစီအစဉ်ရှိကြောင်း၊ ယခုဟမ်းဘတ်ဆိပ်ကမ်းရှိ ကွန်တိန်နာစခန်း လုပ်ကိုင်ခွင့် သဘောတူညီချက်နှင့် သက်ဆိုင်မှုမရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/germany-agrees-on-compromise-over-china-port-bid/a-63547949

 

Category: Germany