Germany

ဂျာမနီနိုင်ငံတွင် ဓါတ်ငွေ့ဖြည့်တင်းနိုင်မှု ရာခိုင်နှုန်းပြည့်မီရောက်ရှိခြင်း

Last Updated:

ဂျာမနီနိုင်ငံတွင် ဆောင်းရာသီ ဓါတ်ငွေ့ဖြည့်တင်းနိုင်မှုအခြေအနေသည် (၁၀၀) ရာခိုင်နှုန်း ပြည့်မီရောက်ရှိခဲ့ပြီဖြစ်ကြောင်း European gas storage association က ၁၅.၁၁.၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ဂျာမနီနိုင်ငံ၏ စွမ်းအင်ဆိုင်ရာစည်းမျဉ်း ချမှတ်ထိန်းကျောင်းသည့်အဖွဲ့အစည်းဖြစ်သော Federal Network Agency ကလည်း ရာနှုန်းပြည့် ဓါတ်ငွေ့ဖြည့်တင်းနိုင်မှုအတွက် ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် အိမ်ထောင်စုများနှင့်စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သောဓါတ်ငွေ့ဖြည့်တင်းနိုင်ရန် အခြားရရှိနိုင်မည့် အရင်းအမြစ်များမှ လိုက်လံဝယ်ယူ စုဆောင်းမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာလလယ်ပိုင်းခန့်တွင် လိုအပ်ချက်၏ (၉၅) ရာခိုင်နှုန်းကို စုဆောင်းဖြည့်တင်းနိုင်ခဲ့ပြီး ယခု နိုဝင်ဘာလလယ်ပိုင်းတွင် ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံတွင် LNG terminals (၅) ခု ပါဝင်သောဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး နော်ဝေနှင့် အမေရိကန်နိုင်ငံတို့မှ LNG တင်သွင်းမှုများ ပါဝင် ပါသည်။

တစ်ဖက်တွင်လည်း  အိမ်ထောင်စုများနှင့်စီးပွားရေးလုပ်ငန်းများက စွမ်းအင်သုံးစွဲမှုများကို ယခင်ကထက်ချွေတာ၍ သုံးစွဲခဲ့ကြခြင်းကလည်း တစ်စိတ်တစ်ပိုင်း အထောက်အကူပြုခဲ့ကြောင်း သိရှိရပါသည်။ Federal Network Agency ဥက္ကဌဖြစ်သူ Mr.Klaus Müller က အားလုံးအတူတကွ ပူးပေါင်း၍ အောင်မြင်မှုရရှိလာခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်မှုမျိုးကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနှင့် ဂရစ်လိုင်းများ တိုးချဲ့ဆောင်ရွက်ရာတွင်လည်း အလားတူဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဂျာမနီနိုင်ငံတွင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ရေနံနှင့်ကျောက်မီးသွေးစက်ရုံဟောင်းများကို ယာယီပြန်လည် လည်ပတ်အသုံးပြုခြင်းနှင့် နျူကလီးယား စက်ရုံ(၃)ခုကို ဆက်လက် သက်တမ်းတိုးမြှင့်လည်ပတ်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/germanys-gas-storage-levels-hit-100-capacity/a-63766561

Category: Germany