Germany

ဂျာမနီနိုင်ငံတွင် ပထမဦးဆုံး LNG Terminal ဖွင့်လှစ်

Last Updated:

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr.Olaf Scholz နှင့် ဖက်ဒရယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံ၏ ပထမဦးဆုံး LNG Terminal ဖွင့်လှစ်ခြင်းကို ဂျာမနီနိုင်ငံမြောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော Wilhelmshaven တွင် ၁၇.၁၂.၂၀၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်နှင့်အတူ စီးပွားရေးဝန်ကြီး Mr.Robert Habeck ၊ ဘဏ္ဍာရေးဝန်ကြီး Mr.Christian Lindner နှင့် Lower Saxony ပြည်နယ်ဝန်ကြီးချုပ် Mr.Stephan Weil တို့တက်ရောက်ခဲ့ကြပါသည်။ LNG Terminal သည် မြောက်ဘက်ပင်လယ်ကမ်းခြေတွင် တည်ရှိပြီး တည်ဆောက်ချိန် (၁၀)လ သာကြာမြင့်ခဲ့ပြီး ဂျာမနီနိုင်ငံနှစ်စဉ်ဓါတ်ငွေ့  လိုအပ်ချက်၏ (၆) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Mr.Olaf Scholz က ဖွင့်လှစ်ဆောင်ရွက်နိုင်ခြင်းသည် ဂျာမနီနိုင်ငံ၏ တိုးတက်မှု အရှိန်အဟုန်အသစ်များ စတင်စွမ်းဆောင်နိုင်ခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ယခုဖွင့်လှစ်လိုက်သော LNG Terminal သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင်အပြီး ဖွင့်လှစ်ရန်ဆောင်ရွက်နေသည့် LNG Terminal (၅)ခုအနက် ပထမဦးဆုံးဖွင့်လှစ်လိုက်သည့် Terminal ဖြစ်ပြီး ဓါတ်ငွေ့သိုလှောင်သိမ်းဆည်းမှုနှင့် ပြန်လည်ထုတ်လုပ်မှုစနစ်များ ဆောင်ရွက်နိုင်သည့်အထူးသင်္ဘောတပ်ဆင်ထားမှုရှိကြောင်း၊ အခြား Terminal များမှာ နိုင်ငံမြောက်ပိုင်းဒေသများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရှိရပါသည်။ စီးပွားရေးဝန်ကြီး Mr.Robert Habeck က မိမိတို့အနေဖြင့် ဂျာမနီနိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် လွန်စွာအရေးပါသောအဆင့်တစ်ခုကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊ renewable energy သုံးစွဲရေးကိုလည်း တစ်ချိန်တည်းမှာဆောင်ရွက်လျက်ရှိကြောင်း၊ LNG Terminal များအားလုံး လည်ပတ်နိုင်လျှင် ဂျာမနီနိုင်ငံဓါတ်ငွေ့လိုအပ်ချက်၏ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

အခြားတစ်ဖက်တွင်လည်း ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးအဖွဲ့များ အထူးသဖြင့် German Federation for the Environment and Nature Conservation (BUND)က LNG Terminal ဖွင့်လှစ်မှုနှင့် ပတ်သက်၍ မြေအောက်ရုပ်ကြွင်းသုံးစွမ်းအင် အရင်းအမြစ်များ သုံးစွဲမှုအပေါ် ဝေဖန်ပြစ်တင်ပြောဆိုမှုများ ရှိလာခဲ့ပါသည်။  ဂျာမနီနိုင်ငံအနေဖြင့် ရေရှည်စွမ်းအင်လုံလောက်စွာ ဖြည့်တင်းနိုင်ရေးအတွက် သက်တမ်းရင့်ဓါတ်ငွေ့စက်ရုံများ၊ ကျောက်မီးသွေးလောင်စာသုံးစက်ရုံနှင့် နျူကလီးယားစက်ရုံများ ဆက်လက်လည်ပတ်နိုင်ရေးကိုလည်း ဆောင်ရွက်ထားရှိပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/germany-scholz-opens-countrys-first-lng-terminal/a-64134715

Category: Germany