Germany

ဂျာမနီနိုင်ငံတွင်ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာခြင်း

Last Updated:

 

ဂျာမနီနိုင်ငံတွင် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေသော်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပို့ကုန်ဝင်ငွေ ပြန်လည်မြင့်တက်လာပြီး ကုန်သွယ်မှုပိုငွေရရှိခဲ့ ပါသည်။ Federal Statistical Office ၏ ဩဂုတ်လ ၃ ရက်နေ့ထုတ်ပြန်သည့် စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပို့ကုန်တန်ဖိုး ယူရို (၁၃၄.၃) ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ယူရို (၁၂၇.၉) ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ယူရို (၆.၄) ဘီလီယံရရှိခဲ့ပါသည်။ ပို့ကုန်တန်ဘိုးသည် မေလနှင့် နှိုင်းယှဉ်လျှင် (၄.၅) ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ပြီး အီးယူနိုင်ငံများသို့ (၃.၉) ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများသို့ (၅.၃) ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သွင်းကုန်အနေနှင့် မေလကထက် (၀.၂) ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်ကာလတူ ဇွန်လနှင့်နှိုင်းယှဉ်လျှင် ပို့ကုန် မှာ (၁၈.၄) ရာခိုင်နှုန်းနှင့် သွင်းကုန်မှာ (၂၇.၉) ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ယူရို (၇၂.၉) ဘီလီယံတန်ဖိုးတင်ပို့မှုနှင့် ယူရို (၆၂.၈) ဘီလီယံတန်ဖိုး တင်သွင်းမှုရှိခဲ့ပြီး မေလက ထက် ၃.၉ ရာခိုင်နှုန်းနှင့် ၀.၃ ရာခိုင်နှုန်း အသီးသီးတိုးတက်မှုရှိခဲ့ပါသည်။ ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုအနေဖြင့် ယူရို (၁.၂) ဘီလီယံတန်ဖိုး တင်ပို့ခဲ့ပြီး မေလနှင့်နှိုင်းယှဉ်လျှင် (၁၄.၅) ရာခိုင်နှုန်းပိုမိုတင်ပို့နိုင်ခဲ့ကာ ယူရို (၃.၅) ဘီလီယံတန်ဖိုး တင်သွင်းမှုရှိခဲ့ပါသည်။ အီးယူပြင်ပနိုင်ငံများသို့ ယူရို (၆၁.၄) ဘီလီယံတင်ပို့မှုရှိခဲ့ရာ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့မှုအများဆုံးဖြစ်ခဲ့ပြီး မေလကထက် (၆.၂) ရာခိုင်နှုန်းနှင့် (၂.၄) ရာခိုင် နှုန်း အသီးသီးတိုးတက်တင်ပို့မှုရှိခဲ့ပါသည်။ အဆိုပါနိုင်ငံများမှ ယူရို (၆၅.၁) ဘီလီယံတင်သွင်းမှုရှိခဲ့ရာ တရုတ်နိုင်ငံမှ ယူရို (၁၇) ဘီလီယံဖြင့် အများ ဆုံးတင်သွင်းမှုပြုခဲ့ပြီး အမေရိကန်နိုင်ငံမှ ယူရို (၈.၅) ဘီလီယံတန်ဖိုး တင်သွင်းခဲ့ပါသည်။

ပို့ကုန်တိုးတက်မှုရှိခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများက ဂျာမနီနိုင်ငံ၏ export-driven economy စီးပွားရေးအလားအလာအပေါ် လက်ရှိ လောင်စာစွမ်းအင်ဈေးနှုန်းမြင့်တက်မှု၊ supply chain မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုအခြေအနေများကြောင့် ကျဆင်းနိုင်လာနိုင်မည့် အနေ အထားကိုသာ ရှုမြင်သုံးသပ်နေကြပါသည်။ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုမှာ မေလကထက် ၀.၄ ရာခိုင်နှုန်းတိုးတက် ထုတ်လုပ်မှုရှိခဲ့သော်လည်း ထုတ်လုပ်မှုကဏ္ဍရှိ အမှာစာအသစ်များ လက်ခံရရှိမှုမှာ မေလနှင့်နှိုင်းယှဉ်လျှင် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ လက်လီလုပ်ငန်းများ အရောင်းဝင်ငွေသည်လည်း မေလနှင့်နှိုင်းယှဉ်လျှင် ၁.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အသားထုတ်လုပ်သည့်လုပ်ငန်းများမှ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် တန်ချိန် (၃.၅) သန်းအောက်သာ ထုတ်လုပ်ခဲ့ပြီး ကာလတူထက် (၇.၉) ရာခိုင်နှုန်းလျော့နည်းဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတွင်း ခရီးတိုသွားလာမှုများမှာ ပထမ (၃) လကထက် ၄၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး 9 euro ticket ကို အသုံးပြုမှုများခြင်း ကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ ဘီယာရောင်းချရမှုမှာမူ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း လီတာပေါင်း (၄.၃) ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကာလတူ ထက် ၃.၈ ရာခိုင်နှုန်းအားဖြင့် တိုးတက်မှုရှိကြောင်း သိရှိရပါသည်။ လာမည့်ဆောင်းရာသီအတွက် ဓါတ်ငွေ့လုံလောက်စွာရရှိမှုများမှာ စိန်ခေါ်မှု တစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ပထမ (၃) လအတွင်း စီးပွားရေးတိုးတက်မှု (၀.၂) ရာခိုင်နှုန်းမျှော်မှန်းထားမှုအတွက် ပြန်လည်တွက်ချက်မှုများအရ (၀.၈) ရာခိုင်နှုန်း ရရှိခဲ့ပြီး ဧပြီလမှ ဇွန်လအတွင်း စီးပွားရေးအခြေအနေမှာ ရပ်တန့်နေပြီး (stagnation) ဒုတိယ (၃) လအတွက်  စီးပွားရေးတိုးတက်မှုနှုန်းကို သုည ရာခိုင်နှုန်းအဖြစ် သတ်မှတ်ဖော်ပြထားပါသည်။ ဇူလိုင်လအတွက် ငွေကြေးဖောင်းပွမှုမှာ (၇.၅) ရာခိုင်နှုန်းနှင့် အလုပ်လက်မဲ့မှုမှာ (၅.၄) ရာခိုင်နှုန်း တွင် ရှိနေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Sources:https://www.thelocal.de/20220803/german-exports-rise-again-despite-slowdown-fears/
https://www.destatis.de/EN/Press/2022/08/PE22_325_51.html

 

Category: Germany