Germany

ဂျာမနီနိုင်ငံနှင့်မြန်မာနိုင်ငံကုန်သွယ်မှုအခြေအနေ (စက်တင်ဘာ ၂၀၂၂)

Last Updated:

ဂျာမနီနိုင်ငံ၏ စက်တင်ဘာလ ကုန်သွယ်မှုအချက်အလက်များကို Federal Statistical Office (Destatis)က ပြန်လည်ညှိနှိုင်းပြင်ဆင် ထုတ်ပြန်ချက်အရ ပို့ကုန်တန်ဘိုး ယူရို (၁၄၂.၁) ဘီလီယံနှင့် သွင်းကုန်တန်ဘိုး ယူရို(၁၃၄.၀) ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ယူရို (၈.၁)ဘီလီယံရှိခဲ့ကြောင်း၊ အမေရိကန်၊ပြင်သစ်၊နယ်သာလန်နိုင်ငံတို့သို့ အများဆုံးတင်ပို့ ခဲ့ပြီး တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းမှု ရှိခဲ့ကြောင်း သိရှိရပါသည်။

ဂျာမနီနိုင်ငံ၏ မြန်မာနိုင်ငံနှင့် စက်တင်ဘာလကုန်သွယ်မှုတွင် ပို့ကုန်ယူရို (၄.၈၂၄) သန်းနှင့် သွင်းကုန် ယူရို (၂၁၄.၄၅၁) သန်း ရှိခဲ့ကြောင်း Federal Statistical Office (Destatis) ၏ စာရင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ မြန်မာနိုင်ငံမှ သွင်းကုန်ပိုင်းတွင် ဩဂုတ်လ၌ ယူရို (၁၅၁.၂၂၉)သန်း ရှိခဲ့ရာမှ စက်တင်ဘာလ၌ ဩဂုတ်လထက် ယူရို (၆၃.၂၂၂)သန်း(၄၁.၈ ရာခိုင်နှုန်း) ပိုမိုတင်သွင်းခဲ့ရာ  CMPအထည်ချုပ် ထုတ်ကုန်များ၊ ဖိနပ်၊ ရော်ဘာ၊ အီလက်ထရောနစ်စက်ပစ္စည်းများ ပိုမိုတင်သွင်းခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဆေးပစ္စည်းများ၊စက်ပစ္စည်းများနှင့် အီလက်ထရောနစ် ပစ္စည်းများ၊ စက္ကူ၊ ပလပ်စတစ်၊မျက်မှန်နှင့် ဓါတ်ပုံပစ္စည်းတို့ တင်ပို့မှုရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

ဂျာမနီနိုင်ငံ၏ စက်တင်ဘာလငွေကြေးဖောင်းပွမှုနှုန်းကို မူလခန့်မှန်းထားသည့် (၁၀.၄)ရာခိုင် နှုန်းအား Federal Statistical Office (Destatis) က (၁၁.၁၁.၂၀၂၂)ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဂျာမနီနိုင်ငံအရှေ့အနောက်ပေါင်းစည်းပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန်ကို ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ Federal Statistical Office ၏ ဥက္ကဌဖြစ်သူ Dr. Georg Thiel က စွမ်းအင်ဈေးနှုန်းများမြင့်တက်မှုက အဓိကဖြစ်ပြီး လေ့လာမှုများအရ အခြားကုန်စည်နှင့် ဝန်ဆောင်မှုစရိတ်များ အထူးသဖြင့် စားသောက်ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံတွင် ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ညအိပ်တည်းခိုမှုများစာရင်းအရ ခရီးသွားလာသူ အရေအတွက် (၄၇.၂)သန်းရှိပြီး ဩဂုတ်လထက် လျော့နည်းခဲ့သော်လည်း ၂၀၂၁ခုနှစ် ကာလတူထက် (၄.၇)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ငွေကြေးဝန်ဆောင်မှု နှင့်အာမခံလုပ်ငန်းများ အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများမှဝင်ငွေသည် ဇူလိုင်လထက်(၀.၅) ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ် ကာလတူ ထက် (၁၁.၅) ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Home/_node.html

Category: Germany