Germany

ဂျာမနီနိုင်ငံရှိ Fruit Juice လုပ်ငန်းဈေးကွက်

Last Updated:

ဂျာမနီနိုင်ငံရှိ သစ်သီးအချိုရည် (Fruit Juice) လုပ်ငန်းသည် စားသောက်ကုန်လုပ်ငန်းများအနက် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိနေသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ နှစ်စဉ်အရောင်းဝင်ငွေများသည် ၁၉၅၀ ခုနှစ်တွင် ယူရို (၀.၀၂၆) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယူရို (၃.၀၉) ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း ထုတ်လုပ်သည့်လုပ်ငန်းပေါင်း (၃၁၁) ခုရှိကာ လုပ်သား ဦးရေ (၇၅၀၀) ခန့်က သစ်သီးဝလံ ဟင်းသီးဟင်းရွက်တန်ချိန်ပေါင်း (၈၀၀၀၀၀) မှ စုစုပေါင်းလီတာ ၃.၀၆ ဘီလီယံကို ထုတ်လုပ်နိုင်ခဲ့ပါသည်။ ဂျာမန် စားသုံးသူများသည် သစ်သီးအချိုရည်နှင့် ဖျော်ရည်စုံ (Fruit Juice and nectar ) များစွာသောက်သုံးလေ့ရှိကြပြီး လူတစ်ဦးချင်း စားသုံးမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၂၈.၅ လီတာ ရှိပါသည်။ အမေရိကန်နိုင်ငံတွင် လူတစ်ဦးချင်းစားသုံးမှု (၂၂.၈) လီတာနှင့် ပိုလန်နိုင်ငံတွင် (၂၁.၉) လီတာရှိပါသည်။

Fruit Juice များအနက် ဂျာမနီနိုင်ငံတွင် လိမ္မော်ရည်နှင့် ပန်းသီးဖျော်ရည်များမှာ လူကြိုက်အများဆုံးဖြစ်ပြီး တစ်ဦးချင်းသောက်သုံးမှု (၆.၉) လီတာ နှင့် (၅.၆) လီတာ အသီးသီးရှိကြပါသည်။ အခြားအမျိုးအစားများဖြစ်သည့် Multivitamin fruit juice၊ စပျစ်သီးနှင့် နာနတ်သစ်သီးအချိုရည်များကို လည်း သောက်သုံးမှုရှိကြပါသည်။ ပြန်လည်အသုံးပြုနိုင်သော ပုလင်းခွံများအသုံးပြုသည့်စနစ်ကို ကျင့်သုံးပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွား သည့် ကာလအတွင်း Fruit Juice သောက်သုံးသူများ ယခင်ကထက် ပိုမိုများပြားလာခဲ့ပြီး သဘာဝအတိုင်းထုတ်လုပ်ထားသော အချိုရည်များကို ပိုမို ကြိုက်နှစ်သက်ကြပါသည်။

Association of the German Fruit Juice Industry (VdF) သည် Fruit and vegetable Juice/ nectar ထုတ်လုပ်သည့်လုပ်ငန်းများ အကျိုးစီးပွား အတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာအဆင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနေပြီး လုပ်ငန်းပေါင်း (၁၈၅) ခုကို တိုက်ရိုက် ဆက်သွယ်ဆောင်ရွက် ကာ (၁၄၁) ခုကို ဒေသအလိုက် အသင်းအဖွဲ့ (၄) ခုမှတဆင့် ဆောင်ရွက်လုပ်ကိုင်ပါသည်။ VdF ၏ Recipe session က အဖွဲ့ဝင်ကုမ္ပဏီများအတွက် အချိုရည်နှင့် ဖျော်ရည်အရသာပိုင်း၊ အချိုပွဲ၊ အသုပ်၊ ကော့တေးလ် စသည်တို့အတွက် တီထွင်ဆန်းသစ်မှုများပေါင်းစပ်ကာ ပြင်ဆင်သင့်သည့် recipe အသစ်များကို အကြံပြုပံ့ပိုးပေးပါသည်။ VdF သည် European fruit juice association (AIJN) နှင့် International Federation of Fruit Juice Producers (IFU) တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ သစ်သီးအချိုရည်နှင့် ဖျော်ရည်များ အရည်အသွေးမြင့်မားရေးကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။ AIJN နှင့် အီးယူအဖွဲ့ဝင်များသည် ၁၉၉၄ ခုနှစ်တွင် သစ်သီးအချိုရည်၊ ဖျော်ရည်များအတွက် တစ်ပြေးညီ အရည်အသွေးထိန်းသိမ်းမှု စနစ်တစ်ခုအနေ ဖြင့် European Fruit Juice Control System (EQCS) ကို စတင်တည်ထောင်၍ တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် European Fruit Juice Control System (EJCS) အမည်ဖြင့် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ ပေါကြွယ်ဝ ခြင်းကြောင့် အရည်အသွေးမီ အချိုရည်နှင့် ဖျော်ရည်များ ထုတ်လုပ်တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးမြှင့်နိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.fruchtsaft.de

 

Category: Germany