Germany

ဂျာမနီနိုင်ငံ၏ စီးပွားရေးနှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၂ ခုနှစ်တွင် (၁.၉)ရာခိုင်နှုန်းရှိခဲ့ပြီး ကုန်ပစ္စည်းများပြတ်လပ်မှု၊ ဈေးနှုန်းများကြီးမြင့်မှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆက်လက်ဖြစ်ပွား ရိုက်ခတ်မှုများရှိနေခဲ့သော်လည်း စီးပွားရေးကဏ္ဍတစ်ရပ်လုံးကို ကောင်းစွာထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ကြောင်း Federal Statistical Office ၏ ဥက္ကဋ္ဌ အသစ်ဖြစ်သူ Dr. Ruth Brand ကပြောကြားလိုက်ပါသည်။  အီးယူစီးပွားရေးကော်မရှင်နာဖြစ်သူ Mr. Paolo Gentiloni က ယူရိုဇုန်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးအခြေအနေတိုးတက်မှုရရှိရန် သေချာရေရာမှုများ မရှိနိုင်သေးသော်လည်း စီးပွားရေးဆိုးဝါးစွာကျဆင်းနိုင်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း၊ စွမ်းအင်ဈေးနှုန်းများကျဆင်းလာပြီး ငွေကြေားဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျာမန်စီးပွားရေးဝန်ကြီး Mr. Robert Habeck ကဂျာမနီနိုင်ငံတွင် ၂၀၂၃ ခုနှစ် စီးပွားရေးတိုးတက်ခဲ့မှုနှုန်းကို(၀.၂) ရာခိုင်နှုန်းဝန်းကျင်မျှော်မှန်းထားရှိကြောင်း ပြောကြားခဲ့ပါသည်။

လက်ကားရောင်းချဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂၀၂၁ခုနှစ် ကာလတူထက် (၁၂.၈) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး၊ စက်မှုထုတ်ကုန်လုပ်ငန်းများရှိ ထုတ်လုပ်သူဈေးနှုန်းများမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ၂၀၂၁ခုနှစ်ကာလတူထက်(၂၁.၆)ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ(လုပ်သားဦးရေ ၅၀နှင့်အထက်) တွင်အလုပ်အကိုင်ခန့်ထားမှုမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် (၅.၅) သန်းရှိကြောင်း ၂၀၂၁ ခုနှစ် ကာလတူထက် (၁.၂) ရာခိုင်နှုန်းတိုးတက်မှုရှိကြောင်း ထုတ်ပြန်ထားပါသည်။ အီးယူပြင်ပနိုင်ငံများသို့ ပို့ကုန်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ယူရို(၅၆.၃) ဘီလီယံရှိခဲ့ပြီး နိုဝင်ဘာလထက်(၉.၆) ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူထက်(၆.၅) ရာခိုင်နှုန်းပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဂျာမနီနိုင်ငံ၏ လူဦးရေအနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း(၈၄.၃) သန်းရှိပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်လျှင် (၁.၁) သန်းတိုးတက်လာခဲ့ကြောင်း Federal Statistical Office (Destatis) ကထုတ်ပြန်ထားပါသည်။ ထိုသို့တိုးတက်လာမှုများမှာ ယူကရိန်းနိုင်ငံမှ တိမ်းရှောင်လာသူများအပါအဝင် အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချ ဒုက္ခသည်အများအပြား ဝင်ရောက်လာမှုများကြောင့်လည်းဖြစ်ကြောင်း သိရှိရပါသည်။

Federal Statistical Office ၏ စာရင်းထုတ်ပြန်ချက်အရ ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံသို့ ပို့ကုန်ပိုင်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ( ၄.၄၅၄) သန်းနှင့် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ( ၄.၇၄၆) သန်းတင်ပို့မှုရှိခဲ့ပါသည်။ ဂျာမနီနိုင်ငံက မြန်မာနိုင်ငံမှ သွင်းကုန်ပိုင်းတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန် ဒေါ်လာ (၁၈၈.၁၂၇) သန်းနှင့် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ(၁၇၀.၆၀၂) သန်း တင်သွင်းမှုရှိခဲ့ခြင်းကြောင့် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ(၁၇.၅၂၅) သန်းပိုမိုလျော့နည်းတင်သွင်းမှုရှိခဲ့ကြောင်း၊ CMP အထည်ချုပ်၊ ဖိနပ်၊ လျှပ်စစ်နှင့် စက်ပစ္စည်းကိရိယာများ အများဆုံးတင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံက ဂျာမနီနိုင်ငံသို့ ပို့ကုန်အမေရိကန် ဒေါ်လာ(၁၇၀.၆၀၂) သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ( ၄.၇၄၆)သန်းရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၁၆၅.၈၅၆) သန်းရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany