Germany

ဂျာမနီနိုင်ငံ၏ အီးကောမတ်စ်ဈေးကွက်အခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် ဖက်ဒရယ်စာရင်းအင်းရုံးအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ အွန်လိုင်းဈေးရောင်းချသူများ (၅၀) သန်းခန့်ရှိပြီး အင်တာနက်သုံးစွဲသူ ပေါင်း၏ လေးပုံသုံးပုံသည် အွန်လိုင်းမှတဆင့် ဈေးဝယ်ယူမှုများ ပြုလုပ်ကြကြောင်း တွေ့ရှိရပါသည်။ Federal Association of E-Commerce and Mail-Order Trade ၏ အဆိုအရ ၂၀၁၈ခုနှစ်တွင် အီးကောမတ်စ်ကုန်စည်များ စုစုပေါင်းရောင်းရငွေသည် ယူရို ၆၅.၁ ဘီလီယံရှိခဲ့ပြီး လက်လီ အရောင်းဈေးကွက်၏ ရှစ်ပုံတစ်ပုံခန့်ရှိခဲ့ကာ ၂၀၂၃ ခုနှစ်တွင် ယူရို ၈၆.၄ ဘီလီယံရောက်ရှိလာရန် ခန့်မှန်းထားရှိပါသည်။ ဂျာမနီနိုင်ငံသည် တရုတ်၊ အမေရိကန်၊ ဂျပန်၊ ယူကေနိုင်ငံတို့ပြီးနောက် အီးကောမတ်စ်ဈေးကွက် အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်ပါသည်။

ဥရောပနိုင်ငံများအနက် ဂျာမနီနိုင်ငံသည် အင်တာနက်သုံးစွဲမှုနှင့် အီးကောမတ်စ်အသုံးပြုသူ အများဆုံးဖြစ်ကာ နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်း (၆၅ သန်း) သည် အွန်လိုင်းဝယ်ယူမှုများ ပုံမှန်ပြုလုပ်လေ့ရှိပါသည်။ လေ့လာမှုများအရ ကုမ္ပဏီများ၏ ၇၇ ရာခိုင်နှုန်းကျော်သည် အွန်လိုင်းဝယ်ယူမှုများ ပြုလုပ်ပြီး ၇၅ ရာခိုင်နှုန်းကျော်သည် အွန်လိုင်းရောင်းဝယ်မှုများမှ ဝင်ငွေများရရှိနေကြကြောင်း တွေ့ရှိရပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားမှုကလည်း လက်လီအရောင်းဈေးကွက်ကို အွန်လိုင်းရောင်းဝယ်မှုပုံစံသို့ ရောက်ရှိစေရန် ပိုမိုတွန်းအားပေးမှုပြုခဲ့ကာ ၂၀၂၀ ခုနှစ်အတွင်း ရောင်းရငွေစုစုပေါင်း ယူရို (၈၃.၃) ဘီလီယံ ရရှိခဲ့ပါသည်။ ကပ်ရောဂါကာလအတွင်း စူပါမားကက်များ၊ ဆေးဆိုင်များ ဖွင့်လှစ်ထားရှိသော်လည်း အွန်လိုင်းမှ နေ့စဉ်သုံးပစ္စည်းများဝယ်ယူမှုသည် ၂၀၁၉ ခုနှစ်တွင် ယူရို (၄.၉) ဘီလီယံမှ ၂၀၂၀ ခုနှစ်တွင် ယူရို (၆.၉) ဘီလီယံဖြင့် အမြင့်ဆုံး ရောက် ရှိခဲ့ပါသည်။

ကပ်ရောဂါကာလအတွင်း လက်လီရောင်းချသူများသည် အရောင်းဆိုင်များ ပိတ်ထားကြရသည့်အချိန်၌ အွန်လိုင်းတွင် click-collect-delivery စနစ်ဖြင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ အွန်လိုင်းဝယ်ယူသူများသည် ငယ်ရွယ်သူများအပြင် အသက် ၅၀ နှစ်နှင့် ၆၀ နှစ် အထက်ရှိသူ များကလည်း ဝယ်ယူမှုများစွာ ပြုလုပ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ တစ်ဖက်တွင်လည်း အီးကောမတ်စ်လုပ်ငန်းနှင့်ဆက်နွယ်၍ online shop manager, content manager, online marketing manager and affiliate manager  စသည့် အလုပ်အကိုင်ခန့်ထားမှုများလည်း ပိုမိုတိုး တက်လာနိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။ အီးကောမတ်စ်အသင်းကလည်း သင်တန်းအစီအစဉ်အသစ်များကို မိတ်ဆက်ပေးပြီး အထူးသဖြင့် ငယ်ရွယ်သူများအတွက် ဝယ်ယူသုံးစွဲသူများ၊ လုပ်ငန်းမိတ်ဘက်များနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် လုပ်ငန်းကျွမ်းကျင်တတ်မြောက်သူများဖြစ်လာ ရန် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။

အီးကောမတ်စ်လုပ်ငန်းတွင် ငွေပေးချေမှုစနစ်များသည်လည်း အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်လာပြီး ဂျာမနီနိုင်ငံတွင် ခရက်ဒစ်ကတ်အပြင် PayPal, giropay စသည်တို့ဖြင့်လည်း ပေးချေမှုပြုကြပါသည်။ ဂျာမနီနိုင်ငံ ထောက်ပံ့ပို့ဆောင်မှုကဏ္ဍတွင် ပစ္စည်းပို့ဆောင်ပေးသည့် courier ကုမ္ပဏီပေါင်း (၃၅၀၀) နှင့် ထောက်ပံ့ဝန်ဆောင်မှု (logistics service providers) ကုမ္ပဏီပေါင်း (၆၀၀၀၀) ခန့်ရှိပြီး အွန်လိုင်းဝယ်ယူမှုများအတွက် ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေပြီး same-day delivery ကဲ့သို့ နေ့ချင်းမှာယူရရှိနိုင်သည့် ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါသည်။ အခြားတစ်ဘက်တွင်လည်း ဂျာမန်အွန်လိုင်းဝယ်ယူသူများက မှာယူပစ္စည်းများကို ကြိုက်နှစ်သက်မှုမရှိလျှင် အခမဲ့ပြန်လည် ပို့ဆောင်နိုင်သည့် (free postal returns) ဝန်ဆောင်မှုများကို ရွေးချယ်မှုများကြပြီး ယင်းကဲ့သို့ ပြန်လည်ပို့မှုများကြောင့် အွန်လိုင်းကုမ္ပဏီများ အနေဖြင့် ပို့ဆောင်စရိတ်များ မြင့်တက်ခြင်းများလည်း ကြုံတွေ့လာရပြီး ပိုမိုဆန်းသစ်တီထွင်မှုရှိသည့် ပို့ဆောင်မှုစနစ်မျိုးကို စဉ်းစားလာကြ ပါသည်။

Same-day delivery ဝန်ဆောင်မှုများကို အမေဇုန်အွန်လိုင်းက ၎င်း၏ Prime customers ကို စရိတ်ထပ်မံ ပေးဆောင်စေခြင်းမရှိဘဲ ဆောင်ရွက် ပေးနေပြီး အခြားကုမ္ပဏီများဖြစ်သည့် Zalando,  Media-Saturn, H&M  ကုမ္ပဏီစသည်တို့ကလည်း ဆောင်ရွက်ပေးနေပါသည်။ အကယ်၍ မှာယူ မှုက ညပိုင်းဖြစ်ခဲ့လျှင် နောက်တစ်နေ့မနက်အစောပိုင်းတွင် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ H&M  က Next Day Delivery ကို မိတ်ဆက်ထားပြီး ဘာလင်၊ နူရင်ဘတ်မြို့များအပါအဝင် မြို့ပေါင်း (၁၂) မြို့တွင် ဆောင်ရွက်ပေးပါသည်။ အခြားအသုံးများလာသည့်  အွန်လိုင်းစနစ်တစ်ခုမှာ Click and Collect အစီအစဉ်ဖြစ်ပြီး ဝယ်ယူသူက ဝယ်ယူမည့်ပစ္စည်းကို ရွေးချယ်ပြီးနောက် နီးစပ်ရာအရောင်းဆိုင်တွင် လာရောက်ရယူသည့်စနစ်ဖြစ်ပါ သည်။ မိုဘိုင်းဖုန်းများက အီးကောမတ်စ်ရောင်းဝယ်မှုများအတွက် အရေးပါသောပစ္စည်းတစ်ခုဖြစ်လာပြီး အွန်လိုင်းဈေးကွက်တွင် မိုဘိုင်းဖုန်း ရောင်းချရမှုများ မြင့်တက်လာခဲ့ကာ QR code scanning ပြုလုပ်ခြင်းသည်လည်း အွန်လိုင်း- အော့ဖ်လိုင်း နှစ်မျိုးလုံးအတွက် အသုံးဝင်မှုရှိလာခဲ့ သည်။ အွန်လိုင်းမှ အစားအသောက်များမှာယူမှုကို ပို့ဆောင်ခနှုန်းများဈေးမြင့်မှု၊ စူပါမားကက်များ ထူထပ်စွာရှိမှုနှင့် ဂျာမန်ပြည်သူများ၏ ပင်ကိုယ် စရိုက်တို့အရ များစွာမှာယူမှုမရှိကြသော်လည်း ဂျာမန် Start up လုပ်ငန်းများက Online grocery ဝန်ဆောင်မှုများကို စတင်လုပ်ကိုင်ခဲ့မှုကြောင့် တိုးတက်လာပါသည်။ ဂျာမန်ပြည်သူများက ပရိဘောဂအသုံးအဆောင်များ၊ နေ့စဉ်တစ်ကိုယ်ရေသုံးနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်အစာနှင့် အသုံးအဆောင်များကို အွန်လိုင်းမှဝယ်ယူရန် ပိုမိုနှစ်သက်ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.gtai.de/en/invest/industries/consumer-industries/e-commerce-65482#73080

 

Category: Germany