Germany

ဂျာမနီနိုင်ငံ၏နိုင်ငံခြားစီးပွားရေးဆက်ဆံမှုအခြေအနေ

Last Updated:

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က ဂျာမနီနိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့်စွမ်းအင် ကဏ္ဍတွင် နိုင်ငံတစ်ခုတည်းအပေါ် မှီခိုအားထားလုပ်ကိုင်ခြင်းမျိုး ထပ်မံပြုလုပ်မည် မဟုတ်ကြောင်း ၂၂-၁၁-၂၀၂၂ ရက်နေ့တွင် Süddeutsche Zeitung  သတင်းစာက ကြီးမှူး ကျင်းပသော စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ ဂျာမန်လွှတ်တော်အတွင်း ၂၀၂၃ ခုနှစ် ဘတ်ဂျက်ရေးရာဆွေးနွေးမှုများကို ၂၃-၁၁-၂၀၂၂ရက် နေ့တွင် စတင်ခဲ့ပြီး (၄)နာရီကြာမြင့်ခဲ့သည့် ဆွေးနွေးမှုများအတွင်း Mr. Olaf Scholz က ဖက်ဒရယ်အစိုးရအနေဖြင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများလည်း ပြုလုပ်ပေးနေပြီး စွမ်းအင်ကဏ္ဍအကျပ်အတည်းကို ထိန်းချုပ်လာနိုင်သည့်အနေအထားတွင် ရောက်ရှိလာပြီဖြစ်သော်လည်း ယခုထက် များစွာ ပိုမိုကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲလာနေသည့်ကမ္ဘာကြီးတွင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ်များတိုးတက် သုံးစွဲရေး အတွက် ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျာမန်စီးပွားရေးဝန်ကြီး Mr.Robert Habeck ကလည်း ပဲရစ်ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးဆက်ဆံဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်မှုပြု နေစဉ်အတွင်း အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးမျိုးအတွက် ဆွဲဆောင်မှုမက်လုံးများစွာပေးခြင်းဖြင့် တရုတ်နိုင်ငံနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သည့် ဂျာမန်ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှု အာမခံချက်များကို သတ်မှတ်ကန့်သတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုတာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျာမန်ကုမ္ပဏီများ အနေဖြင့် နိုင်ငံတစ်ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှုပမာဏကို ယူရို(၃) ဘီလီယံသတ်မှတ် ထားရှိရန် ဆွေးနွေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျာမနီနိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ကာကွယ်ဟန့်တားမှုများဖြစ်ပေါ်စေမှုများသည် supply chains မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ပုံမှန်ကုန်သွယ်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံရေးစရိုက် လက္ခဏာများထည့်သွင်းစဉ်းစားဆောင်ရွက်လျှင် ဈေးကွက် စီးပွားရေးအခြေခံမူများနှင့် ဆန့်ကျင် လုပ်ဆောင်ရာရောက်စေကြောင်း ထုတ်ပြန်ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:https://www.dw.com/en/germany-seeks-less-china-reliance-after-russia-mistake/a-63848899

Category: Germany