Germany

ဂျာမန်ချစ်ပ်(Chip)ကုမ္ပဏီကို တရုတ်နိုင်ငံကုမ္ပဏီသို့ရောင်းချမည့်အစီအစဉ်ကိုရပ်ဆိုင်းခြင်း

Last Updated:

ဂျာမန်ဖက်ဒရယ်စီးပွားရေးဝန်ကြီး Mr.Robert Habeck က ဂျာမနီနိုင်ငံ Dortmund မြို့တွင် အခြေစိုက်သော မိုင်ခရိုချစ်ပ်(Microchip) စက်ရုံ Elmos ကို တရုတ်နိုင်ငံကုမ္ပဏီ တစ်ခုဖြစ်သော Silex ကုမ္ပဏီသို့ ရောင်းချရန်အစီအစဉ်ကို ကန့်ကွက်သည့်တင်ပြစာအား ၈.၁၁.၂၀၂၂ ရက်နေ့က အစိုးရအဖွဲ့သို့တင်ပြခဲ့ပါသည်။ Silex ကုမ္ပဏီသည် Elmos ကုမ္ပဏီကို ယူရို(၈၅)ဘီလီယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းနေခြင်းဖြစ်ပြီး Elmos ကုမ္ပဏီ၏ ထုတ်လုပ်မှုများကိုရပ်တန့်ပြီး Silex ကုမ္ပဏီမှ ထုတ်လုပ်သည့် ချစ်ပ်များကိုရောင်းချရန် စီစဉ်ဆောင်ရွက်လိုခြင်းဖြစ်ပါသည်။ ဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက ချစ်ပ်ကုမ္ပဏီရယူပိုင်ဆိုင်ခြင်းသည် အမှာစာများအပေါ် လွှမ်းမိုးချုပ်ကိုင်မှုနှင့် အမျိုးသားလုံခြုံရေးအရ ခြိမ်းခြောက်မှုများရှိလာနိုင်၍ ဖြစ်ကြောင်း၊ ဖက်ဒရယ်အစိုးရအဖွဲ့အနေဖြင့် တားမြစ်ကာကွယ်စေလိုကြောင်းပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံ၏ Domestic intelligence agency ကလည်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးဝန်ကြီး Mr.Robert Habeck သည် Green ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းများအပေါ် တရုတ်နိုင်ငံက ထိန်းချုပ်လုပ်ကိုင်လာမည်ကို စိုးရိမ်ကြောင်းပြသနေပါသည်။ Silex ကုမ္ပဏီသည် တရုတ်နိုင်ငံ Sai MicroElectronics ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ကာ ဆွီဒင်နိုင်ငံအခြေစိုက်ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် ဆီမီးကွန်ဒတ်တာ (semiconductor)နှင့်ချစ်ပ်များသည် ကားထုတ်လုပ်သူများအတွက် အရေးပါသောထုတ်ကုန်များဖြစ်ပြီး လွန်ခဲ့သည့်နှစ်များအတွင်းက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုများနှင့် supply chain ပိုင်းအခက်အခဲများကြုံတွေ့ခဲ့ရမှုများကြောင့် ပစ္စည်းပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဂျာမနီနိုင်ငံ နည်းပညာကုမ္ပဏီများသည် ၎င်းတို့၏ နည်းပညာများကို နိုင်ငံပိုင်နည်းပညာအနေဖြင့်တင်ပြ ဆောင်ရွက်ထားခြင်းမရှိကြောင်း သိရှိရပါသည်။

ဂျာမန်ညွှန့်ပေါင်းအစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ တိုးမြင့်လာနေပြီး အောက်တိုဘာလကုန်ပိုင်းတွင် ဟမ်းဘတ်ဆိပ်ကမ်းကွန်တိန်နာစခန်း အစိတ်အပိုင်းတစ်ခုကို တရုတ်နိုင်ငံ Cosco ကုမ္ပဏီသို့ ရောင်းချရန်ဆုံးဖြတ်မှုအပေါ် ဖက်ဒရယ်အစိုးရဝန်ကြီးဌာနများနှင့် မိတ်ဘက်ပါတီများက ပြင်းထန်စွာကန့်ကွက်မှုများရှိခဲ့ကာ ဂျာမနီနိုင်ငံက တရုတ်နိုင်ငံအပေါ် မှီခိုမှုရှိလာမည်ကို စိုးရိမ်မှုအပေါ် သဘောထားကွဲလွဲမှုများ စတင်ဖြစ်ပေါ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံနှင့်စီးပွားရေးဆက်ဆံပူးပေါင်းမှုများ တိုးမြှင့်လာခြင်းအတွက် ဝေဖန်တိုက်ခိုက်မှုများမြင့်တက်လာနေခြင်းဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံသမ္မတ Mr.Frank-Walter Steinmeier ကလည်း ဂျာမနီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ယခင်က ဆက်ဆံမှုများနီးကပ်စွာ ပြုလုပ်ခဲ့ခြင်းများအတွက် ယခုအချိန်တွင် တွေ့ကြုံနေရသည် များကို သင်ခန်းစာယူ၍ ပြန်လည်စဉ်းစားသုံးသပ်ရန်လိုအပ်ကြောင်း၊ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျာမန်အစိုးရအဖွဲ့အစည်းအဝေးက ၉.၁၁.၂၀၂၂ ရက်နေ့တွင် ဂျာမန် semiconductor ကုမ္ပဏီနှစ်ခုဖြစ်သော Elmos ကုမ္ပဏီ နှင့် Bavaria ပြည်နယ်ရှိ ERS Electronic ကုမ္ပဏီတို့ကို တရုတ်နိုင်ငံကုမ္ပဏီများသို့ ရောင်းချခြင်းကို ရပ်ဆိုင်းထားရန် သဘောတူဆုံး ဖြတ်ခဲ့ပါသည်။ ဂျာမန် စီးပွားရေးဝန်ကြီး Mr.Robert Habeck က မိမိတို့အစိုးရအနေဖြင့် အရေးပါသောအ​ခြေခံ အဆောက်အအုံများနှင့်သက်ဆိုင်သည့်ကုမ္ပဏီလုပ်ငန်းများ သို့မဟုတ် အီးယူပြင်ပနိုင်ငံများရှိ လုပ်ငန်းများသို့ နည်းပညာစီးဆင်းခြင်းဖြင့် ထိခိုက်မှုရှိစေနိုင်သော လုပ်ငန်းများလွှဲပြောင်းလုပ်ကိုင်စေခြင်းကို သတိရှိစွာဖြင့်လုပ်ကိုင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးမည် ဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း အဓိကအရေးပါသောကုန်သွယ်ဖက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် semiconductor နှင့် microchip ထုတ်လုပ်မှုလုပ်ငန်းများအား လွှဲပြောင်းရယူလုပ်ကိုင်မည့် တရုတ်နိုင်ငံ၏ ဗျူဟာအခင်းအကျင်းသည် ဂျာမနီနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာနိုင်ဘွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် မိတ်ဘက်ပါတီများနှင့် ဝန်ကြီးဌာနများက ထောက်ခံအားပေးခဲ့ကြပါသည်။

semiconductor များသည် ကွန်ပြူတာချစ်ပ်များနှင့် အီလက်ထရောနစ်စက်ပစ္စည်းများ ထုတ်လုပ်ခြင်းအတွက် အဓိကအစိတ်အပိုင်းများဖြစ်ပြီး ဈေးကွက်တွင် ဦးဆောင်ထုတ်လုပ်နေသူများသည် အာရှဒေသမှဖြစ်လာကြပါသည်။ ယခင်က အမေရိကန်၊ဥရောပနှင့် ဂျပန်နိုင်ငံတို့က semiconductor နှင့် microchip ထုတ်လုပ်မှု၌ဈေးကွက်တွင် ဦးဆောင်သူ များ ဖြစ်ကြသော်လည်း ယခုနောက်ပိုင်းတွင် တရုတ်၊ထိုင်ဝမ်၊တောင်ကိုးရီးယားနိုင်ငံတို့က ဈေးကွက်နေရာများစွာရယူလာနိုင်ကြကြောင်း သိရှိရပါသည်။

 

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Source: https://www.dw.com/en/german-ministry-seeks-to-block-chinese-chip-factory-takeover/a-63681593

             https://www.dw.com/en/germany-halts-chinese-buyouts-of-semiconductor-firms/a-63693350

Category: Germany