Germany

ဂျာမန်စားသောက်ကုန်လုပ်ငန်းများက အီးယူသို့ အစီရင်ခံစာတင်ပြမှုများအတွက် ဖြေလျော့ပေးမှုများ တောင်းဆို

Last Updated:

ဂျာမနီနိုင်ငံရှိ စားသောက်ကုန်လုပ်ငန်းများသည် အီးယူအဖွဲ့အစည်းများက ဆွေးနွေးဆုံးဖြတ်ချမှတ်ထားသော Corporate Sustainability Reporting Directive (CSRD) နှင့်ပတ်သက်၍ တင်ပြရမည့်အစီရင်ခံစာများကို လက်ရှိအကြပ်အတည်းကာလအခြေအနေများကြောင့် အကောင် အထည်ဖော်ရမည့်ကာလများကို တိုးမြှင့်သတ်မှတ်ပေးရန်နှင့် SMEs လုပ်ငန်းများကို ကင်းလွတ်ခွင့်ပေးရန် မေလ ၅ ရက်နေ့က တောင်းဆိုလိုက် ပါသည်။ CSRD နှင့်ပတ်သက်၍ စားသုံးသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ သတင်းမီဒီယာများနှင့် နိုင်ငံရေးလေ့လာသူများက ဂျာမန်စားသောက်ကုန် လုပ်ငန်းများအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသော ကြိုးပမ်းဆောင်ရွက်မှုများထွက်ပေါ်လာရန် မျှော်လင့်ထားရှိကြပါသည်။

Federal Association of the German Food Industry (BVE) ၏ မန်းနေးဂျင်းဒါရိုက်တာနှင့် ဘရပ်ဆဲလ်ရုံး အကြီးအကဲဖြစ်သူ Ms.Stefanie Sabet က ဂျာမန်စားသောက်ကုန်လုပ်ငန်းများသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ကာလအတွင်း စိုက်ပျိုးရေးဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ၊ ထုတ်ပိုးမှုလုပ်ငန်း၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် စရိတ်ကြီးမြင့်မှုဒဏ်ကို ခံခဲ့ကြရပြီး ယခုအခါ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ထပ်မံ၍ ကုန်ကြမ်းများပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုတို့ကို ဆက်လက်ကြုံတွေ့နေရကြောင်း၊ အစိုးရအနေဖြင့် ဈေးကွက်ဝင်ရောက်မှု ဖြေလျော့ ပေးမှုနှင့် စားသောက်ကုန်လုံခြုံစိတ်ချရမှုတို့ကို ချမှတ်ဆောင်ရွက်သင့်ကြောင်း၊  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြင်းထန်သည့်ကာလများအတွင်း supply chains ပိုင်းတွင် အခက်အခဲများရှိခဲ့သော်လည်း ကွာဟမှုများစွာမရှိစေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီများသည် ကုန်ကြမ်းဝယ်ယူ စရိတ် ကြီးမြင့်ခြင်းအပြင် စွမ်းအင်ရရှိမှုအခက်အခဲများသည်လည်း ကြီးမားသော အဟန့်အတားတစ်ခုဖြစ်လာနေကြောင်း၊ စားသောက်ကုန်ထုတ် လုပ်မှုလုပ်ငန်းသည် အရေးကြီးပြီး စွမ်းအင်ပြတ်တောက်မှုရှိလင့်ကစား မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း ပြောဆိုခဲ့ပါ သည်။ CSRD နှင့်ပတ်သက်၍ Ms.Stefanie Sabet က အီးယူ၏ ညွှန်ကြားချက်များသည် သင့်တော်ပြီး ကြိုတင်ခန့်မှန်းနိုင်မှုရှိရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ Supply Crisis ဖြစ်နေသည့်အခြေအနေတွင် ကုမ္ပဏီများအတွက် မလိုလားအပ်သော ကုန်ကျစရိတ်များနှင့် အုပ်ချုပ်မှုဆိုင်ရာအတား အဆီးများဖြင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးနှင့်မသက်ဆိုင်သော တင်ပြမှုလိုအပ်ချက်များ (non-financial reporting requirements) ကို ကင်းလွတ်ခွင့်ပေးရန်သင့်ကြောင်း၊ အထူးသဖြင့် အစီရင်ခံစာတင်သွင်းရန် မလိုအပ်သေးသော ကုမ္ပဏီများအတွက် ပထမဦးဆုံး အကြိမ် တင်ပြမှုပုံစံသစ်များကို အနည်းဆုံး ၂၀၂၆ ခုနှစ်ထိတိုင်အောင် ရွှေ့ဆိုင်းအချိန်ပေးစေလိုကြောင်း၊ အီးယူအဖွဲ့အစည်းများ၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ အထွေထွေစံနှုန်းများအပါအဝင် delegated act ကို သတ်မှတ်ပြဌာန်းရန်မှာလည်း ဖြစ်နိုင်သည့် အလားအလာ နည်းပါးကြောင်း၊ အရည်အသွေးမီပြီး ပြည့်ဝသည့် စံနှုန်းများဖြစ်ရန်နှင့် Stakeholders များ၏ ပါဝင်ဆောင်ရွက်မှုများ ရရှိနိုင်ရန် ယခုထက် အချိန်ပိုမိုလိုအပ်နေကြောင်း စသည်ဖြင့် ပြောဆိုခဲ့ပါသည်။

ဂျာမန်စားသောက်ကုန်လုပ်ငန်းကဏ္ဍသည် ဂျာမနီနိုင်ငံတွင် စတုတ္ထအကြီးဆုံး စီးပွားရေးလုပ်ငန်းဖြစ်ပြီး နှစ်စဉ်အရောင်းဝင်ငွေ ယူရို (၁၈၁) ဘီလီယံ ရှိပါသည်။ ကုမ္ပဏီပေါင်း (၆၁၀၀) ခန့်က လုပ်သားအင်အား (၆၁၀၀၀၀) ကျော်ဖြင့် အရည်အသွေးမြင့် စားသောက်ကုန်များကို ထုတ်လုပ် ဖြန့်ဖြူးလျှက်ရှိပါသည်။ အသေးစားအလတ်စားကုမ္ပဏီများဖြင့် လုပ်ကိုင်လျှက်ရှိရာ (၉၀) ရာခိုင်နှုန်းခန့်မှာ အလတ်စားလုပ်ငန်းများဖြစ်ကြပါသည်။
CSRD ကို Directive 2014/95/EU အရ ချမှတ်ထားပြီး ဦးဆောင်စစ်ဆေးမည့် အီးယူအဖွဲ့အစည်းများတွင်  European Commission (EC)၊ the Council of the European Union နှင့် the European Parliament တို့ပါဝင်ပြီး CSRD အရ ကုမ္ပဏီကြီးများအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်မှု၊ လူမှုရေးဆိုင်ရာနှင့် အလုပ်သမားများအပေါ် ဆက်ဆံဆောင်ရွက်မှု၊ လူ့အခွင့်အရေးလေးစားလိုက်နာမှု၊ အဂတိလိုက်စားခြင်း ကင်းရှင်းမှု၊ ကုမ္ပဏီဘုတ်အဖွဲ့တွင်း ညီတူညီမျှ ခန့်ထားဆောင်ရွက်မှု အချက်အလက်များကို  ထုတ်ပြန်အစီရင်ခံရမည် ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.bve-online.de/presse/pressemitteilungen

 

Category: Germany