Germany

ဂျာမန်လွှတ်တော်က စွမ်းအင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်ကို အတည်ပြု

Last Updated:

ဂျာမန်လွှတ်တော်က စွမ်းအင်ကဏ္ဍအခက်အခဲများကို ဖြေရှင်းနိုင်ရန် ယူရို (၂၀၀) ဘီလီယံ (အမေရိကန်ဒေါ်လာ (၁၉၅) ဘီလီယံ) ထောက်ပံ့မှု အစီအစဉ် (energy relief plan ) ကို ၂၁.၁၀.၂၀၂၂ ရက်နေ့က အတည်ပြုပေးလိုက်ပါသည်။

ဖက်ဒရယ်အစိုးရအနေဖြင့် လက်ရှိအိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စွမ်းအင်ဈေးနှုန်းမြင့်တက်လာမှု အကျပ် အတည်းကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်အထိ ထောက်ပံ့မှုအစီအစဉ်ကို ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါသည်။ ထောက်ပံ့မှု အစီအစဉ်အပေါ် အခြားအီးယူအဖွဲ့ဝင်နိုင်ငံများ၏ ဝေဖန်မှုများလည်း မြင့်တက်ခဲ့ပါသည်။

အဆိုပါထောက်ပံ့မှုအစီအစဉ်အရ ကုမ္ပဏီကြီးများအတွက် ဈေးနှုန်းသတ်မှတ်ခြင်း (price cap) အစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင် သက်ရောက်မှုရှိမည်ဖြစ်ပြီး၊ အိမ်ထောင်စုများအနေဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်၍ ပုံမှန်စွမ်းအင်သုံးစွဲမှုများအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ကျသင့်တန်ဘိုး၏ (၈၀) ရာခိုင်နှုန်းကို လျော့ပေါ့သက်သာခွင့် ရရှိမည်ဖြစ်ပါသည်။

ဂျာမန်ဖက်ဒရယ်အစိုးရအတွက် ဓါတ်ငွေ့ဈေးနှုန်းသတ်မှတ်ခြင်းအပေါ် ထောက်ပံ့မှုပေးခြင်းမှာ ဖွဲ့စည်းပုံအရ ထိန်းသိမ်းကာကွယ်ရမည့်ဥပဒေ (enshrined law ) နှင့် ငြိစွန်းမှုရှိခြင်းကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေခဲ့ပြီး ဂျာမန်ဥပဒေရေးဆွဲပြုပြင်သူများ (Law makers) က ထောက်ပံ့မှု အစီအစဉ်ကို အတည်ပြုခွင့်ပြုပေးရန် မဲဆန္ဒပေးတောင်းဆိုခဲ့ခြင်းကြောင့် လွှတ်တော်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလပြီး နောက်ပိုင်းတွင် အစိုးရ၏ အသားတင်ထုတ်ချေးငွေသည် ဂျီဒီပီ၏ ၀.၃၅ ရာခိုင်နှုန်းရှိရန် ကန့်သတ်ထားရှိပြီး ဂျာမန်အခြေခံ ဥပဒေအရ နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ရခြင်း သို့မဟုတ် ဘဏ္ဍာရေးကဏ္ဍကို ထိခိုက်လာစေသည့် အရေးပေါ် အခြေ အနေမျိုးတွင်သာ ချေးငွေထောက်ပံ့မှုအစီအစဉ်များကို ပြုလုပ်နိုင်ရန် ဖော်ပြသတ်မှတ်ထားပါသည်။ ဂျာမန်လွှတ်တော်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုဖြစ်ပွားသည့်ကာလများမှစ၍  ချေးငွေထောက်ပံ့မှုအစီအစဉ်များကို ပြုလုပ်ပေးခဲ့ပြီး ဖွဲ့စည်းပုံဆိုင်ရာ ကြွေးမြီကန့်သတ်ချက် ထားရှိမှုကို ခေတ္တရပ်ဆိုင်းထားခြင်းများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ရကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.dw.com/en/german-parliament-approves-200-billion-energy-relief-plan/a-63517489

 

Category: Germany