Korea

ဂျုံနှင့်စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီများ အခက်ကြုံလျက်ရှိ

Last Updated:

ရုရှား-ယူကရိန်း ပဋိပက္ခ၏သက်ရောက်မှုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ကမ္ဘာသို့ စားအုန်းဆီတင်ပို့ရန် ကန့်သတ်မှု၏နောက်ဆက်တွဲအဖြစ် ကမ္ဘာ့စားအုန်း ဆီနှင့် ဂျုံဈေးများမြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီများဖြစ်ကြသော Nongshim နှင့် Ottogi ကုမ္ပဏီတို့သည် အခက်ကြုံတွေ့လျက်ရှိကြပါသည်။ အဆိုပါကုမ္ပဏီနှစ်ခုသည် ၎င်းတို့၏ စားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရန်အတွက် ကိုမူ အထူးသတိပြုဆောင်ရွက်နေကြောင်း၊ ကုန်စျေးနှုန်းများကြီးမြင့်လာသဖြင့် စျေးတက်သင့်သော်လည်း ခေါက်ဆွဲခြောက်သည် တောင်ကိုရီးယား နိုင်ငံ၌ လူသုံးများသည့် စားသောက်ကုန်ဖြစ်၍ စျေးတက်ရေးကိုမူ အထူးသတိထားရကြောင်း၊ သို့ဖြစ်၍ ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုတွင် အမြတ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။


Nongshim သည် ၎င်း၏ အသင့်စားခေါက်ဆွဲများ၏စျေးနှုန်းကို ယခင်နှစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် (၆.၈) ရာခိုင်နှုန်းနှင့် နောက်တစ်လအကြာတွင် Ottogi က (၁၁.၉) ရာခိုင်နှုန်းအသီးသီး တိုးမြှင့်ခဲ့ဖူးပါသည်။ ၎င်းသည် Nongshim ၏ (၇) နှစ်အတွင်း ပထမဆုံးစျေးနှုန်းတက်ခဲ့ခြင်းဖြစ်ပြီး၊ Ottogi အနေဖြင့် (၁၃) နှစ်အတွင်း ပထမဆုံးအကြိမ် စျေးတက်ခဲ့ခြင်းဖြစ်ပါသည်။ Korea Rural Economic Institute ၏စာရင်းများအရ Chicago Mercantile Exchange ၌ ၂၀၂၁ ခုနှစ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၉၀) ရှိခဲ့သော ဂျုံဈေးနှုန်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် တစ်တန် လျှင် အမေရိကန်ဒေါ်လာ (၂၈၀) ဖြစ်ပေါ်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ မေလတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၈၀) သို့ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီစျေးနှုန်းအနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၉၀၀) ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက် တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၁၉၃၉) ဒေါ်လာအထိသို့ မြင့်တက်လာခဲ့ကြောင်း၊ ထို့နောက် ၂၀၂၂ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် တစ်တန် လျှင် အမေရိကန်ဒေါ်လာ (၁၇၇၆) ဒေါ်လာသို့ ပြန်လည် ကျဆင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။


Nongshim ကုမ္ပဏီအနေဖြင့် လက်ရှိတွင် စားအုန်းဆီနှင့် ဂျုံနှစ်မျိုးလုံးအတွက် လုံလောက်သော ကုန်သိုလှောင်မှုရှိသေးကြောင်း၊ သို့ရာတွင် မကြာမီ (၆) လအတွင်း ကုန်ကြမ်းပြတ်လတ်မှုဖြစ်ပေါ်နိုင်ကြောင်း၊ ခေါက်ဆွဲခြောက်အား လတ်တလောရေတိုကာလတွင် စျေးနှုန်းမတက်ဘဲ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သော်လည်း မမျှော်လင့်ထားသော သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ စားအုန်းဆီနှင့် ဂျုံပြတ်လပ်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပါကြောင်း Nongshim ကုမ္ပဏီ၏တာဝန်ရှိသူတစ်ဉီးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)
Source - The Korea Herald (5-5-2022)

 

Category: Korea