China(Nanning)

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သွင်းကုန်အခြေအနေ

Last Updated:

(၂၀၂၀) ခုနှစ်၊ စက်တင်ဘာအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်မှာ (၉.၉) ရာခိုင်နှုန်းမြင့်တက်လာပြီး၊ သွင်းကုန်မှာ (၁၃.၂) ရာခိုင်နှုန်းမြင့်တက်လာပါသည်။  ပို့ကုန်ပိုင်းတွင် နိုင်ငံခြားဈေးကွက်များ ပြန်လည်ဖွင့်လှစ်လာသဖြင့် တိုးတက်လာခဲ့သော်လည်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဉရောပနိုင်ငံများတွင် ကိုရိုနာကပ်ရောဂါ တကျော့ပြန် ခေါင်းထောင်လာခြင်းက ပြန်လည်မြင့်တက်လာသည့်ဝယ်လိုအားအပေါ် အနှောင့်အယှက်ဖြစ်စေဖွယ် ရှိနေပါသည်။

စက်တင်ဘာလအတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ဆက်လက်ဖွံ့ဖြိုးလာသဖြင့် ပို့ကုန်ပိုင်း၌ ပြီးခဲ့သည့်မတ်လမှစ၍ အားအကောင်းဆုံး မြင့်တက်လာမှုနှင့် သွင်း ကုန်ပိုင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ အားအကောင်းဆုံးမြင့်တက်လာမှုဖြစ်ကြောင်း တရုတ်အကောက်ခွန်ဌာနကပင် ကြေငြာခဲ့ပါသည်။

စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတွင်  အမေရိကန်မှ တရုတ်သို့ တင်ပို့မှုတွင် (၂၄) ရာခိုင်နှုန်းမြင့်တက်လာပြီး၊  တရုတ်မှ အမေရိ ကန်သို့ တင်ပို့မှုတွင် (၂၀.၃၆) ရာခိုင်နှုန်းမြင့်တက်လာပါသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ (၃၀.၇၅)ဘီလီယံရှိပါသည်။

အမေရိကန်မှာ တရုတ်သို့ တင်ပို့မှုမြင့်တက်လာမှု၌ စားနပ်ရိက္ခာတင်ပို့မှုများကြောင့် အဓိကဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ အမေရိကန်ပြည်ထောင်စုထံမှ ကောက်ပဲ သီးနှံတင်သွင်းမှုမှာ ယမန်နှစ်ကထက် (၃၅) ရာခိုင်နှုန်း၊ အသားတင်သွင်းမှုတွင် (၄၀.၅) ရာခိုင်နှုန်း၊ ပဲပိစပ်တင်သွင်းမှုတွင် (၁၇.၆) ရာခိုင်နှုန်းပိုမိုခဲ့ပါသည်။  ထိုသို့မြင့် တက်လာခြင်းမှာ တရုတ်- အမေရိကန် ကုန်သွယ်ရေးအငြင်းပွားမှုအား ဖြေရှင်းသည့် ပထမအဆင့် သဘောတူညီချက်အရ သတ်မှတ်ထားသော သွင်းကုန်ပမာဏ ပြည့်မီအောင် တရုတ်က တင်သွင်းနေရသည့်အပြင်  ၎င်းနိုင်ငံအတွင်း၌ ရေလွှမ်းမိုးမှုများနှင့် ရာသီဉတုဖောက်ပြန်မှုများကြောင့် ပြည်တွင်းစားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်ခဲ့သဖြင့် ၎င်းအခြေအနေအား ကာမိစေရန် ပိုမိုဝယ်ယူနေရခြင်းလည်း ပါဝင်ပါသည်။

တရုတ်နိုင်ငံမှ ပို့ကုန်များတိုးတက်လာမှုတွင် လျှပ်စစ်ပစ္စည်းများနှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းက အဓိကပါဝင်နေပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် ကပ်ရောဂါ ကြောင့် ကျောင်းသားများနှင့် အလုပ်လုပ်သူများမှာ မိမိတို့နေအိမ်မှပင် လေ့လာခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းများ ပြုလုပ်ရသည့်အတွက် လျှပ်စစ်ပစ္စည်းလိုအပ်ချက် များပိုမိုများပြားလာမှုက တရုတ်နိုင်ငံအား အကျိုးဖြစ်ထွန်းစေလျက်ရှိပါသည်။ ထို့ပြင် တကိုယ်ရေရောဂါကာကွယ်ရေး အသုံးအဆောင်များတင်ပို့မှုက စုစုပေါင်း တင်ပို့မှု၏ (၄၃.၈) ရာခိုင်နုန်းခန့်ရှိပါသည်။

အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ယခင်နှစ်ကထက် (၁၄.၄) ရာခိုင်နှုန်းတိုးတက်လာပြီး၊ ဉရောပနိုင်ငံများနှင့် ကုန်သွယ်မှုတွင်မှု ယခင်နှစ်ကထက် (၁၁.၈) ရာခိုင် နှုန်းလျော့နည်းခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Scmp.com (၁၃-၁၀-၂၀၂၀)

Category: China(Nanning)