India (Delhi)

စက်သုံးဆီ အခွန်နှုန်းထားများအား အိန္ဒိယအစိုးရက လျော့ချပေးခြင်း

Last Updated:

နိုင်ငံတကာရေနံစိမ်းဈေးနှုန်းများ မြင့်တက်မှုကြောင့် ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိချိန်တွင် စက်သုံးဆီအပေါ် ကောက်ခံလျက်ရှိသည့် အထူး ထပ်ဆောင်းကုန်စည်အခွန်အား လျော့ချကောက်ခံမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၃-၁၁-၂၀၂၁ နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်၊ မေလမှစ၍ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ ၃-၁၁-၂၀၂၁ နေ့တွင် ဒေလီမြို့တော်၌ ဓာတ်ဆီ ၁ လီတာလျှင် ၁၁၀.၀၄ ရူပီးနှုန်းနှင့် ဒီဇယ် ၁ လီတာလျှင် ၉၈.၄၂ ရူပီးနှုန်းသို့ ရောက်ရှိလာပြီး ၄-၅-၂၀၂၀ နေ့ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၄၀.၄၅ ရူပီးနှင့် ၃၆.၁၃ ရူပီး အသီးသီး ပိုမိုလာခဲ့သည်။

၃-၁၁-၂၀၂၁ နေ့တွင် ဝန်ကြီးချုပ်နာရင်ဒရာမိုဒီက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသည့် အခွန်အရပ်ရပ်ကောက်ခံရှိမှုအခြေအနေ သုံးသပ်ဆွေးနွေးပွဲအပြီး အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးဌာနက အထူးကုန်စည်အခွန်နှုန်းထားများ ၄-၁၁-၂၀၂၁ နေ့မှစတင်၍ ဆီ ၁ လီတာလျှင် ဓာတ်ဆီအပေါ် ၅ ရူပီးနှင့် ဒီဇယ်ဆီအပေါ် ၁၀ ရူပီး အသီးသီး လျော့ချပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုဆုံးဖြတ်ချက်သည် ပြည်တွင်းစားသုံးမှုကို မြှင့်တင်ပေးသကဲ့သို့ ဈေးနှုန်း ဖောင်းပွမှုကိုလည်း လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဝင်ငွေနည်းပါးသူများနှင့် အလယ်အလတ်ရှိသူများအပေါ် ကူညီပံ့ပိုးမှုဖြစ်စေမည့်အပြင် စီးပွားရေးလည် ပတ်လုပ်ကိုင်မှုကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဒီဇယ်ဆီအပေါ် ကောက်ခံသော အထူးကုန်စည်အခွန်အား ဓာတ်ဆီထက် ၂ ဆပိုမို၍ လျော့ချ ပေးခြင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် Lockdown ပြုလုပ်ထားချိန်၌ပင် လယ်ယာကဏ္ဍမှ စီးပွားရေးတိုးတက်အောင် မနားမနေကြိုးပမ်းလုပ်ဆောင်ကြ သည့် တောင်သူလယ်သမားများ၏ လာမည့်ဆောင်းသီးနှံစိုက်ပျိုးမှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများအတွက် သက်သာရာရရှိစေရေး ဓာတ်ဆီနှင့် ဒီဇယ် အပေါ် ကောက်ခံလျက်ရှိသော တန်ဖိုးမြှင့်ကုန်စည်အခွန် (VAT) ကိုလည်း လျော့ချပေးကြရန် ပြည်နယ်အစိုးရများသို့ တိုက်တွန်းလိုကြောင်းဖြင့် ၎င်းကြေညာချက်၌ ဖော်ပြပါသည်။

ထို့နောက် အာသံ၊ ဂိုအာ၊ ဂူဂျရတ်၊ ကာနာတကာ၊ မဏိပူ၊ ဆစ်ကင်း၊ တြိပူရနှင့် ဥတ္တရကန် ပြည်နယ်အစိုးရများသည် ဓာတ်ဆီနှင့် ဒီဇယ်အပေါ် ကောက်ခံလျက်ရှိ‌ သော VAT အခွန်ကို ဆီ ၁ လီတာလျှင် ၇ ရူပီးစီ လျော့ချပေးခဲ့ကြောင်း၊ အခြားသော ပြည်နယ် ၉ ခုကလည်း အလားတူ VAT အခွန်များ လျော့ပေါ့ပေးခဲ့ကြကြောင်း သိရှိရသည်။

အခွန်နှုန်းထားလျော့ချမှုမပြုမီက ဒေလီမြို့၌ ဓာတ်ဆီသုံးစွဲသူတစ်ဦးသည် ဆီ ၁ လီတာအပေါ် အထူးကုန်စည်အခွန် ၃၂.၉၀ ရူပီးနှင့် VAT အခွန် ၂၅.၃၁ ရူပီး၊ နှစ်ရပ် ပေါင်း အခွန်ငွေ ၅၈.၂၁ ရူပီး ပေးဆောင်ခဲ့ရသည်။ အလားတူ ဒီဇယ်ဆီ ၁ လီတာလျှင် အထူးကုန်စည်အခွန် ၃၁.၈၀ ရူပီး အပါအဝင် အခွန်ငွေစုစုပေါင်း ၄၆.၁၇ ရူပီး ကျသင့်ခဲ့သည်။ နယူးဒေလီမြို့ပေါ်၌ ၄-၁၁-၂၀၂၁ နေ့တွင် ဓာတ်ဆီ ၁ လီတာလျှင် ၁၀၃.၉၇ ရူပီးနှုန်းနှင့် ဒီဇယ်ဆီ ၁ လီတာလျှင် ၈၆.၆၇ ရူပီးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ယခင်နေ့ဈေးနှုန်းအောက် ၆.၀၇ ရူပီးနှင့် ၁၁.၇၅ ရူပီး အသီးသီးကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအခွန်အရပ်ရပ် ကောက်ခံရှိမှုအခြေအနေမှာ စီးပွားရေးပြန်လည် နာလန်ထူထောင်လာမှုအရ မြင့်တက်လာခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွက် မူလခန့်မှန်းထားသည်ထက် ကျော်လွန်၍ အခွန်ငွေ ရူပီးကုဋေ ၂ သိန်းခန့် ပိုမိုဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက တွက်ဆလျက်ရှိသည်။ အစိုးရ၏ ခန့်မှန်း စာရင်းအရ ဧပြီလမှ စက်တင်ဘာလအထိ ပထမနှစ်ဝက်အတွင်း မူလခန့်မှန်းထားသည့် အခွန်ငွေ ရူပီးကုဋေ ၁၅.၄၅ သိန်းအပေါ် ၆၀% ခန့်ပိုမိုရရှိနိုင်ကြောင်း သိရှိ ရသည်။ ယခုကဲ့သို့ စက်သုံးဆီအပေါ် အခွန်လျော့ချခြင်းက အစိုးရ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း လက်ကျန် ၅ လ၌ အခွန်ကောက်ခံရရှိမည့် ငွေပမာဏ အနက် ရူပီးကုဋေ ၆၀၀၀၀ မှ ၆၅၀၀၀ ခန့်အထိ လျော့နည်းစေမည်ဖြစ်သည်။ သို့သော် အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် စားသုံးသူများအတွက် တိုက်ရိုက်အား ဖြင့် ဈေးနှုန်းသက်သာမှုရရှိစေသည့်အပြင် သယ်ယူပို့ဆောင်မှုကုန်ကျစရိတ်များ လျော့နည်းစေခြင်းအပါအဝင် ကုန်ထုတ်လုပ်မှု တန်ဖိုးကွင်းဆက်ရှိ စရိတ်အရပ်ရပ် လျော့ကျစေမည့် သွယ်ဝိုက်အကျိုးဖြစ်ထွန်းမှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုလျက် ကြိုဆိုမှုပြုခဲ့ကြသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Government announces Excise Duty reduction on Petrol and Diesel on the eve of Diwali, 3-11-2021, Press Information Bureau of India

2. Fuel prices across metros effective from today after cut in Excise duty, 4-11-2021, Economic Times

Category: India (Delhi)