Singapore

စင်ကာပူဆိပ်ကမ်းသည် ၂၀၂၁ ခုနှစ်တွင်လည်း ကမ္ဘာ့အလုပ်အများဆုံး ကွန်တိန်နာတစ်ဆင့် လွှဲပြောင်းတင်ပို့သောဆိပ်ကမ်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့

Last Updated:

၂၀၂၁ ခုနှစ်တွင် စင်ကာပူဆိပ်ကိမ်း၏ ကွန်တိန်နာကိုယ်တွယ်ဆောင်ရွက်ပေးနိုင်မှုပမာဏ သည် TEUs ၃၇.၅ သန်းအထိ စံချိန်တင်ခဲ့သောကြောင့် ကမ္ဘာ့အလုပ်အများဆုံးကွန်တိန်နာ တစ်ဆင့်လွှဲပြောင်းတင်ပို့သောဆိပ်ကမ်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်းနှင့် စင်ကာပူဆိပ်ကမ်းသည် သင်္ဘောများကိုဆီဖြည့်ပေးသော အဓိကဆိပ်ကမ်းတစ်ခုလည်းဖြစ်ကာ ယခင်နှစ်အတွင်း ရိုးရိုးလောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည် စုစုပေါင်းတန်ချိန် သန်း ၅၀ ခန့်အထိ ဆီဖြည့်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DNV နှင့် Menon Economics AS တို့မှ စင်ကာပူနိုင်ငံအား ကမ္ဘာ့ထိပ်တန်းရေကြောင်း မြို့တော်အဖြစ် ၅ ကြိမ်ဆက်တိုက် သတ်မှတ်ခဲ့မှုအပါအဝင် ၎င်း၏စွမ်းဆောင်ရည်အတွက် ချီးကျူး ဂုဏ်ပြုမှုများစွာကို ရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် စင်ကာပူဆိပ်ကမ်းသည် "ကမ္ဘာ့အကောင်းဆုံးဆိပ်ကမ်း" သရဖူကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ၎င်း၏ ထင်ရှားကျော်ဇောမှုကို ပိုမိုပေါ်လွင်စေခဲ့ကြောင်း၊ အာရှ၏အကောင်းဆုံးဆိပ်ကမ်းဆုကိုလည်း ၃၃ ကြိမ်မြောက်ရရှိခဲ့ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ဖြန့်ဖြူးရေးကွင်းဆက် နှောင့်နှေးပြတ်တောက်မှု၊ လုပ်သားအင်အားနှင့် စက်ကိရိယာများ မလုံလောက်မှုအခြေအနေများတွင် ဆိပ်ကမ်းအနေဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၁၃-၁-၂၀၂၂ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူရေကြောင်း ဖောင်ဒေးရှင်း၏နှစ်သစ်ကူးစကားဝိုင်း၌ ပို့ဆောင်ရေးဝန်ကြီး S Iswaran က ပြောကြားခဲ့ပါသည်။

စင်ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင် (MPA) ၏ အချက်အလက်များအရ စင်ကာပူ သည် ၂၀၂၁ ခုနှစ်တွင် စုစုပေါင်းကုန်စည်တန်ချိန် ၅၉၉ သန်းကို ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်ထက် ပိုမိုများပြားသောပမာဏဖြစ်ခဲ့သော်လည်း ကပ်ရောဂါမဖြစ်ပွားမီနှစ်များထက် ပမာဏနည်းပါးခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ်အတွင်း သင်္ဘောဆိုက်ရောက်မှုသည် ၂၀၂၀ ပြည့်နှစ်ထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ယခင်နှစ်က စင်ကာပူတွင် ရေကြောင်းကုမ္ပဏီ ၉ ခုသည် လုပ်ငန်းများစတင် တည်ထောင်လုပ်ကိုင်ခဲ့ကြပြီး၊ လုပ်ငန်း ၁၄ ခုသည် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ခဲ့ကြကြောင်း၊ စင်ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင် (MPA) သည် သင်္ဘောဆီဖြည့်သည့်လုပ်ငန်းကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းလမ်းများကို အရှိန်အဟုန်ဖြင့်အသုံးချဆောင်ရွက်လာနိုင်စေရန် ကုမ္ပဏီ ၃၅ ခုပါဝင်သော စီမံကိန်း ၈ ခုအတွက် စင်ကာပူဒေါ်လာ ၃ သန်းခန့် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်။ ။ The Business Times

Category: Singapore