Singapore

စင်ကာပူတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် Circuit Breaker ကာလကို ထပ်မံတိုးမြှင့်လိုက်ပြီး၊ လုပ်ငန်းများ၏ လုပ်ခလစာစရိတ်အပေါ် အစိုးရက ဆက်လက် ထောက်ပံ့ပေးမည်

Last Updated:

ပြည်တွင်း၌ COVID - 19 ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသည့်အခြေအနေကို ထိန်းချုပ်နိုင်ရန် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းများမှလွှဲ၍ အခြားလုပ်ငန်းခွင်များ အားလုံးသည် ၇-၄ -၂၀၂၀ ရက်နေ့မှ ၄ - ၅ - ၂၀၂၀ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ် ရပ်နားသွားရမည့် Circuit Breaker အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် ဤကာလအတွင်းမှာပင် နိုင်ငံခြားလုပ်သားများနေထိုင်ရာအဆောင်များတွင် ရောဂါကူးစက်မှုအခြေအနေ မြင့်တက်လျက်ရှိခြင်းနှင့် အများပြည်သူအကြားတွင်လည်း ရောဂါကူးစက်မှုနှင့်ပတ်သက်၍ ခြေရာခံ၍မရနိုင်သော ရောဂါကူးစက်ခံရသည့် လူနာအရေအတွက်မှာလည်း ကျဆင်းသွားခြင်းမရှိသည့် အခြေအနေတို့ကြောင့် လက်ရှိ Circuit Breaker ကာလကို ၁ − ၆ − ၂၀၂၀ ရက်နေ့အထိ နောက်ထပ် ရက်သတ္တပတ် (၄) ပတ် ထပ်မံတိုးမြှင့် သတ်မှတ်လိုက်ပါသည်။

ယခုကဲ့သို့ Circuit Breaker ကာလထပ်မံတိုးမြှင့်သည့်အစီအစဉ်အရ အစပိုင်းတွင် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုလုပ်ငန်းများစာရင်း၌ ပါဝင်ခဲ့သည့် ဆံပင်ညှပ် ဝန်ဆောင်မှုလုပ်ငန်းများကဲ့သို့သော အရေးပါမှုနည်းသည့် လုပ်ငန်း အမျိုးအစားများသည် ယခုအခါ လုပ်ငန်းဆောင်ရွက်မှုများကို ရပ်နားသွားရမည်ဖြစ်ပါသည်။

ဧပြီလ ၇ ရက်နေ့တွင် စတင်ခဲ့သော Circuit Breaker ကာလကို ဇွန်လ ၁ ရက်နေ့အထိ တိုးမြှင့်လိုက်သောကြောင့် ဤကာလအတွင်း လုပ်ငန်းများ၏ လုပ်သားငှားရမ်းမှုစရိတ် သက်သာစေရေးအတွက် ပြည်တွင်းလုပ်သား (နိုင်ငံခြားလုပ်သားများမပါဝင်) ၁.၉ သန်းကို ဧပြီလအတွင်း ၎င်းတို့ရရှိသော လုပ်ခလစာအပေါ် (စင်ကာပူဒေါ်လာ ၄၆၀၀ အထိသာ) အစိုးရမှ ၇၅ ရာခိုင်နှုန်း အထိ ထောက်ပံ့ပေးမည့် အစီအစဉ်ကို မေလအတွက်ပါ  ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ အလားတူ လုပ်ငန်းများ၏ နိုင်ငံခြားလုပ်သားစရိတ် သက်သာမှုရှိစေရေးအတွက် ဧပြီလအတွင်း ပေးဆောင်ရမည့် နိုင်ငံခြားလုပ်သားများခန့်ထားမှုအပေါ် စည်းကြပ်ငွေများကို ကင်းလွတ်ခွင့်ပြုခြင်း သာမက နိုင်ငံခြားလုပ်သားများခန့်ထားမှုအပေါ်စည်းကြပ်ငွေကို လျှော့ပေါ့မှုအနေဖြင့် လုပ်ငန်းများတွင် ခန့်ထားသည့် နိုင်ငံခြားလုပ်သားတစ်ဦးလျှင် စင်ကာပူဒေါ်လာ ၇၅၀ နှုန်းဖြင့် အလုပ်ရှင်များသို့ ပြန်လည်ထောက်ပံ့ပေးမည့် အစီအစဉ်များကိုလည်း မေလအတွက်ပါ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Time, Ministry of Trade and Industry

Category: Singapore