Singapore

စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများနှင့် ပေးရန်တာဝန်ကန့်သတ်ထားသောအစုစပ်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်းများအပေါ် ထိန်းချုပ်ကြီးကြပ်နေသူများစာရင်းကို ACRA သို့ တင်ပြရမည်

Last Updated:

ကင်းလွတ်ခွင့်ပြုထားသောလုပ်ငန်းအဖွဲ့အစည်းများမှလွှဲ၍ စင်ကာပူနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသောကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများနှင့်ပေးရန်တာဝန်ကန့်သတ်ထားသောအစုစပ်လုပ်ငန်းများ (Limited Liability Partnerships - LLPs) သည် ၎င်းတို့မှ လက်ရှိဆောင်ရွက်နေသော "လုပ်ငန်းများအပေါ်ထိန်းချုပ်ကြီးကြပ်နေသူများမှတ်ပုံတင်စာရင်း" (Register of Registrable Controllers  - RORC) ပါ သတင်းအချက်အလက်များကို ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စာရင်းထိန်းသိမ်းခြင်းနှင့် လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာကြီးကြပ်မှုအာဏာပိုင် (Accounting and Corporate Regulatory Authority - ACRA) ထံသို့ ၃၀ - ၇ - ၂၀၂၀ ရက်နေ့မှစ၍ တင်ပြ ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 ရည်ရွယ်ချက်မှာ ယုံကြည်စိတ်ချရသော ငွေရေးကြေးရေးဗဟိုဌာနတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ရန်နှင့် လုပ်ငန်းအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုများနှင့်စပ်လျဉ်း၍ ပိုမိုပွင့်လင်းမြင်သာမှုရှိလာစေရန် ACRA ၏ ကြိုးပမ်းဆောင်ရွက် ချက်များအနက်မှ တစ်ခုဖြစ်ကြောင်း၊ ဤသို့ ACRA ၏ ဗဟိုမှတ်ပုံတင်စာရင်းသို့ ရောက်ရှိသွားမည့် RORC မှတ်ပုံတင်စာရင်းပါ သတင်းအချက်အလက်များကို ဥပဒေအာဏာတည်ရေးထိန်းကျောင်း သည့်အဖွဲ့အစည်းများက ဥပဒေအရ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သောကိစ္စရပ်များ (ဥပမာ - ငွေကြေးခဝါချမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများကဲ့သို့သောပြစ်မှုများ) အတွက်သာ အသုံးပြုနိုင်မည်ဖြစ် ပြီး၊ အများပြည်သူအနေဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူအသုံးပြုနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားပါသည်။

RORC မှတ်ပုံတင်စာရင်းကို ပြုစုထိန်းသိမ်းထားရှိရန် ကင်းလွတ်ခွင့်ပြုထားသောလုပ်ငန်းအဖွဲ့အစည်းများမှလွှဲ၍ ကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများနှင့် LLPs များသည် ယင်းတို့မှတ်ပုံတင်ထားသောရုံးလိပ်စာတွင်ဖြစ်စေ သို့မဟုတ် မှတ်ပုံတင်ရန် တာဝန် ပေးထားသောကိုယ်စားလှယ် များ၏ ရုံးလိပ်စာတွင်ဖြစ်စေ ၃၁ - ၃ - ၂၀၁၇ ရက်နေ့မှစ၍ စာရင်းထိန်းသိမ်းထားရှိရန် လိုအပ်ခဲ့ပြီး၊ သတင်းအချက်အလက်ပြောင်းလဲမှုရှိပါက အလုပ်လုပ်ရက် (၂) ရက်အတွင်း အဆိုပါ မှတ်ပုံတင်စာရင်းတွင် ပြင်ဆင်မွမ်းမံရန် တာဝန်ရှိခဲ့ပါသည်။

ယခုအခါ ဥပဒေအရ ၎င်းတို့၏ RORC ပါ သတင်းအချက်အလက်များကို ACRA သို့ ၃၀ - ၇ - ၂၀၂၀ ရက်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း တင်ပြရမည်ဖြစ်ပါသည်။ သို့ရာတွင် စင်ကာပူ၌ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော Circuit Breaker ကာလမှာ မကြာသေးမီက ပြီးဆုံးခဲ့ခြင်းနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကိုလည်း တစ်ဆင့်ချင်း ဆောင်ရွက်ခွင့်ပြုလျက်ရှိသောကြောင့် ကုမ္ပဏီများမှာ လုပ်ငန်းဆောင်ရွက်မှုများကို ပုံမှန်အခြေအနေသို့ ပြန်လည်စတင်နိုင်ရန် စီမံဆောင်ရွက် နေရသဖြင့် RORC ပါ သတင်းအချက်အလက်များ တင်သွင်းမှုကို ၂၉ - ၉ - ၂၀၂၀ ရက်နေ့အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ တင်သွင်းမှုကို ACRA ၏ အွန်လိုင်းဝက်ဆိုက်ဒ်ဖြစ်သည့် www.bizfile.gov.sg မှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပြီး၊ နောက်ပိုင်းကာလတွင် လုပ်ငန်းများအပေါ် ထိန်းချုပ်ကြီးကြပ်နေသူများ အပြောင်းအလဲဖြစ်ပေါ်လာပါက အလုပ်လုပ်ရက် (၂) ရက်အတွင်း ACRA သို့ တင်ပြရမည် ဖြစ်ကြောင်း၊ ဤသို့တင်ပြခြင်းကို လုပ်ငန်းများ၏ ဒါရိုက်တာများ သို့မဟုတ် အတွင်းရေးမှူးများ သို့မဟုတ် မိတ်ဖက်များ သို့မဟုတ် တာဝန်ပေးထားသောကိုယ်စားလှယ်များက ပြုလုပ်နိုင် ကြောင်း၊ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက စင်ကာပူဒေါ်လာ ၅,၀၀၀ အထိ ဒဏ်ကြေး ပေးဆောင်ရမည်ဖြစ်ပါကြောင်း ACRA က ၂၈ - ၇ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Accounting and Corporate Regulatory Authority, Singapore

Category: Singapore