Singapore

စင်ကာပူနိုင်ငံရှိ SMEs များအား အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်များကို လျှောက်ထားနိုင်ရန် အတွက် အွန်လိုင်းမှတစ်ဆင့် အကြံပြုဆွေးနွေးပေးမည်

Last Updated:

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အနေဖြင့် စင်ကာပူအစိုးရမှ ပံ့ပိုးပေးလျက်ရှိသော အထောက်အပံ့ပြုမှု အစီအစဉ်များ အနက် မိမိလုပ်ငန်းနှင့် အသင့်တော်ဆုံး ဖြစ်နိုင်သည့်အစီအစဉ်များအား လျှောက်ထားရယူနိုင်ရန်အတွက် အွန်လိုင်းမှတစ်ဆင့် လမ်းညွှန်အကြံပြု ပေးသောအစီအစဉ် (Online Adviser) ကို ၁၁ - ၈ - ၂၀၂၀ ရက်တွင် စတင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

SMEs များထံမှ ကြားသိရသောတူညီမှုရှိသည့် တုံ့ပြန်ချက်များမှာ ၎င်းတို့ လျှောက်ထားခွင့်ရှိသော အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်များမှ မည်သည့်အစီအစဉ်သည် ၎င်းတို့အတွက် အသင့်တော်ဆုံးဖြစ်သည်ကို မသိရှိသော အခက်အခဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Online Adviser အစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးရာတွင် လုပ်ငန်းအခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းမည့် မေးခွန်းများကို SMEs များ၏ ဖြေကြားချက်များအပေါ်မူတည်၍ သင့်တော်မည့် အထောက်အပံ့အစီအစဉ်များ လျှောက်ထားနိုင်ရေးအတွက် အကြံပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ၏ Minister of State ဖြစ်သူ Ms Low Yen Ling က ပြောကြားခဲ့ပါသည်။

စင်ကာပူတွင် SMEs များအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဆွေးနွေးအကြံပြုရန်နှင့် လုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန် ကူညီ ဆောင်ရွက်ပေးလျက်ရှိသော SME စင်တာ (၁၁) ခုရှိပြီး၊ ယခု Online Adviser အစီအစဉ်က SMEs စင်တာများ၏ ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပိုမိုပြည့်စုံစေမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအထိစာရင်းအရ ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်လိုကြသော SMEs များထံမှ “Productivity Solutions Grant” အတွက် လျှောက်လွှာတင်သွင်းမှုပေါင်း ၁၈,၀၀၀ ကျော်ကို လက်ခံရရှိခဲ့ပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီ သည့်လုပ်ငန်းများကို ဒီဂျစ်တယ်အသွင်ကူးပြောင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ကုန်ကျစရိတ်များ၏ ၈၀ ရာခိုင်နှုန်းအထိကို ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရမှချေးငွေအပေါ် ၉၀ ရာခိုင်နှုန်းအထိ တာဝန်ယူပေးမည့်  ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ Enterprise Singapore (ESG) ၏ ချေးငွေအစီအစဉ်ကိုလည်း ၂၀၂၀ ခုနှစ်၊ မတ်လမှ ဇွန်လအတွင်းမှာပင်လုပ်ငန်းပေါင်း ၁၀,၆၀၀ ကျော်က စင်ကာပူဒေါ်လာ ၉.၄ ဘီလီယံနီးပါးကို ချေးငွေရယူခဲ့ကြကြောင်းနှင့် ထိုသို့ချေးငွေရယူခဲ့ကြသောလုပ်ငန်းများအနက် ၈၀ ရာခိုင်နှုန်းကျော်သည် နှစ်စဉ်ဝင်ငွေ စင်ကာပူဒေါ်လာ ၁၀ သန်းအောက်သာရှိသော အသေးစာနှင့်အငယ်စားလုပ်ငန်းများဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  The Business Times

Category: Singapore