Singapore

စင်ကာပူနိုင်ငံသည် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်များ တိုးချဲ့ချုပ်ဆိုနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိ

Last Updated:

UK- စင်ကာပူ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် (UK- Singapore Digital Economy Agreement- UKSDEA) ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်နိုင်ငံ အကြား ညှိနှိုင်းဆွေးနွေးခဲ့မှုများအား ၉-၁၂-၂၀၂၁ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် တောင်ကိုရီးယား- စင်ကာပူ ဒီဂျစ်တယ် ပူးပေါင်းဆောင် ရွက်ရေးသဘောတူစာချုပ် (Korea- Singapore Digital Partnership Agreement- KSDPA) ကို ချုပ်ဆိုနိုင်ရေးအတွက်လည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့မှုများအား ၁၅-၁၂-၂၀၂၁ ရက်နေ့တွက် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါသဘောတူစာချုပ်များကို တရားဝင်လက်မှတ်ရေးထိုးနိုင်ချိန်တွင် UK- စင်ကာပူ ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် (UKSDEA) သည် စင်ကာပူနိုင်ငံ၏ တတိယမြောက် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ် ဖြစ်လာမည်ဖြစ်ပြီး တောင်ကိုရီးယား- စင်ကာပူ ဒီဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (KSDPA) မှာ စင်ကာပူနိုင်ငံ၏ စတုတ္ထမြောက်စာချုပ်ဖြစ်လာမည်ဖြစ်ပါသည်။ ထူးခြားချက်အနေဖြင့် KSDPA စာချုပ်သည် စင်ကာပူမှ အာရှဒေသရှိ နိုင်ငံတစ်နိုင်ငံနှင့် ပထမဆုံးအကြိမ် ချုပ်ဆိုသွားနိုင်မည့် ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်တစ်ခုလည်း ဖြစ်လာမည်ဖြစ်ပါသည်။ ၎င်းတို့သည် ယင်းသဘောတူစာချုပ်များဖြင့် နှစ်နိုင်ငံအကြား ဒီဂျစ်တယ်ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများနှင့် စံနှုန်းများကို ချမှတ်၍ ဒီဂျစ်တယ်စီးပွားရေး၏ အခွင့်အလမ်းကောင်းများကို ရရှိခံစားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏ ပထမဆုံး ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ကို ချီလီ၊ နယူးဇီလန်နိုင်ငံတို့နှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဒုတိယမြောက် သဘောတူစာချုပ်ကို ဩစတြေးလျနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

UK နိုင်ငံသည် ဥရောပတွင် စင်ကာပူ၏ အကြီးဆုံးဝန်ဆောင်မှုကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်စာရင်းအရ နှစ်နိုင်ငံအကြား ဝန်ဆောင်မှုကုန်သွယ်ရေးသည် စင်ကာပူဒေါ်လာ ၂၂ ဘီလီယံကျော်အထိ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါပမာဏ၏ ၇၀ ရာခိုင်နှုန်းကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ဥရောပနိုင်ငံများအနက် စင်ကာပူတွင် ဒုတိယမြောက် အများဆုံးရင်းနှီးမြှုပ်နှံထားသော နိုင်ငံမှ UK ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူဒေါ်လာ ၄၄.၆ ဘီလီယံရှိပြီး စင်ကာပူသည် တောင်ကိုရီးယား၏ (၈) နိုင်ငံ မြောက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်စာရင်းအရ စင်ကာပူသည် အာရှနိုင်ငံများအနက် တောင်ကိုရီးယားတွင် (၉) နိုင်ငံမြောက် အများဆုံး ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခဲ့သော နိုင်ငံဖြစ်ကြောင်းနှင့် တောင်ကိုရီးယားသည် အာရှနိုင်ငံများအနက် စင်ကာပူတွင် (၆) နိုင်ငံမြောက် အများဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ခဲ့သော နိုင်ငံ ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: Ministry of TRade & Industry, Singapore

Category: Singapore