Singapore

စင်ကာပူနိုင်ငံ၏ ကုန်သွယ်ရေးပမာဏသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၂၁ ရာခိုင်နှုန်း တိုးတက်မှုဖြစ်ပေါ်ခဲ့ခြင်း

Last Updated:

စင်ကာပူနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၂၁% တိုးတက်ခဲ့ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၂၂.၃% နှင့် သွင်းကုန်ပိုင်းတွင် ၁၉.၆% အသီးသီးတိုးတက်မှုရရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ Enterprise Singapore မှ ၁၇-၃-၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

စင်ကာပူသည် ဖေဖော်ဝါရီလအတွင်း ပို့ကုန်ပမာဏ စင်ကာပူဒေါ်လာ ၅၂.၀၉ ဘီလီယံနှင့် သွင်းကုန်ပမာဏ စင်ကာပူဒေါ်လာ ၄၅.၀၂ ဘီလီယံ ကုန်သွယ်မှုပြုလုပ်ခဲ့သည့်အတွက် စုစုပေါင်းကုန်သွယ်မှု ပမာဏ စင်ကာပူဒေါ်လာ ၉၇.၁၁ ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်ကာ ကုန်သွယ်မှုပိုငွေ စင်ကာပူဒေါ်လာ ၇.၀၇ ဘီလီယံ ပေါ်ပေါက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) များကို ဖေဖော်ဝါရီလတွင် စင်ကာပူဒေါ်လာ ၁၅.၄၅ ဘီလီယံတင်ပို့ခဲ့သည့်အတွက် ယခင်နှစ် အလားတူ ကာလနှင့်နှိုင်းယှဉ်လျှင် ၉.၅% တိုးတက်ခဲ့ပါသည်။ စက်သုံးဆီ မဟုတ်သော ပြည်တွင်းထုတ်ပို့ကုန်များကို အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်နှင့် အီလက်ထရွန်နစ် ပစ္စည်းမဟုတ်သော ပို့ကုန်ဟူ၍ နှစ်မျိုး ခွဲခြားဖော်ပြထားရာ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်များမှာ ၁၁.၆ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ် သောပို့ကုန်များမှာ ၈.၈% ဖြင့် နှစ်မျိုးလုံး တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ အီလက်ထရွန်နစ် ပစ္စည်းပို့ကုန်များအနက် Capacitors (၂၄၇.၆%)Disk Media (၃၉.၈%) နှင့် အိုင်စီ- ICs (၂၁.၆%) ပစ္စည်းတို့ကိုလည်းကောင်း၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သော ပို့ကုန်များအနက် ဆေးဝါးပစ္စည်း၊ သင်္ဘောနှင့် လှေကိုယ်ထည်အစိတ်အပိုင်းများ (၃၉.%)၊ ရေနံဓါတုပစ္စည်း (၁၉.၄%) တို့ကိုလည်းကောင်း တိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။ အဆိုပါ စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန်များကို တောင်ကိုရီးယား၊ ဟောင်ကောင်၊ အမေရိကန်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလွဲ၍ စင်ကာပူ၏ အခြားအဓိကကုန်သွယ်ဖက်နိုင်ငံများသို့ တင်ပို့မှုမြင့် တက်ခဲ့ပြီး၊ အဓိကအားဖြင့် အီးယူ ၂၇ နိုင်ငံ (၅၃.၇%) မလေးရှား (၂၉.၈%) နှင့် တရုတ် (၁၉.၂%) နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါကုန်ပစ္စည်းများအား CLMV နိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တင်ပို့မှုသည် ၂၉.၆% ကျဆင်းခဲ့ ပါသည်။

စင်ကာပူနိုင်ငံ၏ စက်သုံးဆီတင်ပို့မှုပမာဏသည် ဖေဖော်ဝါရီလတွင် ၆၂.၁% တိုးတက်မှုဖြစ်ပေါ်ခဲ့ပြီး၊ အထူးသဖြင့် အီးယူ ၂၇ နိုင်ငံ (၁၂၉.%) သြစတြေးလျ (၁၂၉.၄%)နှင့် အင်ဒိုနီးရှား (၇၆.၈%) နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပါသည်။ စင်ကာပူ၏ ပြန်လည် တင်ပို့မှု (Re-exports) ပမာဏမှာလည်း စင်ကာပူဒေါ်လာ ၂၇.၈၈ ဘီလီယံရရှိခဲ့သည့်အတွက် ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀.၈% မြင့်တက်ခဲ့ကြောင်းနှင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှု (Non-Oil Re-exports) မှာ ၁၉.၈% တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်။     ။ Enterprise Singapore, Department of Statistics, Ministry of Trade & Industry, Singapore

Category: Singapore